ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မောတောင်လမ်းပိုင်းရှိ လသားအရွယ်ကလေးများနှင့် ကိုယ်ဝန်သည် စစ်ဘေးရှောင်များ အကူအညီလို

February 12, 2026

ပုံစာ - သဲဖြူရွာစစ်ဘေးရှောင်များ။

တနင်္သာရီမြို့မှ မောတောင်မြို့ကို သွားရာလမ်းပိုင်းရှိ သဲဖြူရွာဝန်းကျင်တွင် စစ်ဘေးရှောင်နေရသူများအနက် လသားအရွယ် ကလေးများနှင့် ကိုယ်ဝန်သည်များအတွက် အာဟာရနှင့် အသုံးဆောင်များ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၄ရက်တွင် တော်လှန်‌ရေးတပ်များ သိမ်းပိုက်ပြီးနောက် သဲဖြူရွာနှင့် သိန်ခွန်းရွာကို စစ်အာဏာရှင်တပ်က စစ်အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံ ၁၅၀၀ကျော် စစ်ဘေးရှောင်နေကြရသည်။

စစ်ဘေးရှောင်နေစဥ်အတွင်း မွေးဖွားသည့်ကလေးငယ် ၁၀ကျော်ရှိပြီး လသားအရွယ်ကလေးများအတွက် နို့မှုန့်များ၊ အဝတ်အစားများ၊ ကလေးသုံးဆောင်ပစ္စည်းများနှင့် ကာကွယ်‌ဆေးများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

နို့တိုက်မိခင်များနှင့် ကိုယ်ဝန်သည်များမှာ အဟာရ ပြည့်ပြည့်ဝဝ မစားရသဖြင့် ဖြည့်စွက်စာကဲ့သို့ အကူအညီများ လိုအပ်နေပြီး ကိုယ်ဝန်ဆောင်များအတွက်ဆိုလျှင် ကိုယ်ဝန်ဆောင် အားဆေးများလည်း လိုအပ်ကြောင်း ၎င်းတို့က ဆိုသည်။

“မိခင်တွေက ကလေးကို နို့တိုက်နေရတော့ အားပြည့်နေဖို့လိုတယ်။ အခုက သူတို့မှာက မင်း(ထမင်း) အပြင် ဘာမှ စားစရာ မရှိနေဘူး။ အသုံးဆောင်တွေလည်း မရှိဘူး” ဟု စစ်ရှောင် ကူညီနေသူတစ်ဦးက ပြောဆိုသည်။

စစ်ရှောင်နေသည့် နေရာသည် ရွာနှင့်‌ဝေးသည့် တောများတွင် ရှောင်နေကြပြီး စားနပ်ရိက္ခာများနှင့်လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူလိုပါက တနင်္သာရီမြို့အနီးရှိရွာများသို့ သွားရပြီး ဆိုင်ကယ်ဖြင့်သွားပါက အချိန်ခြောက်နာရီမှ ရှစ်နာရီအထိ ကြာမြင့် ကြောင်း စစ်ဘေးရှောင်ကူနေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

စစ်ဘေးရှောင်များ အစားအသောက် အလွန်ကျပ်တည်းကြောင်း ၎င်းက ပြောဆိုသည်။

“ဗိုက်ကြီးသည်တွေက မွေးဖို့အတွက်လည်း စိုးရိမ်နေကြရတယ်။ ကြီးပြား(ပိုက်ဆံ)က အရင်က စပါးတွေကို ရောင်းပြီး စားသောက်ကြတယ်။ အခုက စပါးတောင် မရိတ်ခင် ပြေးရတော့ လာထောက်ပံ့သူတွေက ‌ကြီးပြားပေးရင်တောင် ဆန်ပဲဝယ်နေ ကြရတယ်။ ကျန်တဲ့ အစားသောက်အတွက် မရှိနေတော့ အာဟာရ မပြည့်ဘူးပေါ့။ ကြီးပြားမရှိ‌တော့ မွေးဖို့အတွက်လည်း ပူပန်နေကြရတယ်” ဟု အထက်ပါ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်‌‌ရှောင်၁၅၀၀ ကျော်တွင် သက်ကြီးရွယ်အို ၅၀ကျော်လည်းရှိနေသဖြင့် စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများက ဆိုသည်။