ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့တွင် ပြည်ထောင်စုနေ့ဂီတဖျော်ဖြေပွဲကျင်းပရန် ညမထွက်ရအမိန့် ခေတ္တရုပ်သိမ်း

February 12, 2026

ပုံစာ - ၇၈နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား (ထားဝယ်မြို့) ဓာတ်ပုံ - MOI

ထားဝယ်မြို့တွင် ယနေ့ (ဖေဖာ်ဝါရီ ၁၂) ညတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲ ကျင်းပမည်ဖြစ်၍ ညမထွက်ရအမိန့်ကို ခေတ္တရုပ်သိမ်းထားကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။

ယနေ့ညတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ထားဝယ်မြို့ပေါ်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပမည်ဖြစ်ရာ ညဘက်သွားလာခြင်းများ ရှိနိုင်သောကြောင့် ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ ညမထွက်ရအမိန့်အား ခေတ္တပယ်ဖျက်ကြောင်း ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ကြေညာထားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

ယခုနှစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြပွဲကို စစ်ကောင်စီက ရွှေဝယ်သီရိ အားကစားကွင်း၌ ခင်းကျင်းပြသထားပြီး တေးဂီတဖျော်ဖြေပွဲကိုမူ ကမ်းနားလမ်းသဲကွင်း၌ ကျင်းပရန် စီစဉ်ထားကြောင်း စုံစမ်းသိရှိရသည်။

ယခုနှစ်တွင် ကျရောက်သည့် ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ထားဝယ်မြို့ရှိ ရွှေဝယ်သီရိ အားကစားကွင်းတွင် ကျင်းပပြီး ဒေသထွက်ကုန်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအမွေအနှစ် တူရိယာပစ္စည်းများဖြင့် ပြခန်းပေါင်း ၁၇ ခန်း ပြသထားသည်။ အဆိုပါ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက် ယမန်နေ့ညနေပိုင်းတွင် စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ ထားဝယ်မြို့၌ ကျင်းပလေ့ရှိသော အထိမ်းအမှတ်နေ့ အခမ်းအနားများတွင် ညမထွက်ရအမိန့်ကို ခေတ္တရုပ်သိမ်း၍ ကျင်းပလေ့ရှိသည်။ သို့သော် တစ်ဖက်တွင်လည်း လူငယ်လူရွယ်များကို အဓမ္မစစ်မှုထမ်းရန် ဖမ်းဆီးစုဆောင်းခြင်းများလည်း ရှိနေသည်။