ပုလောမြို့၏ တစ်ဖက်ကမ်းရှိ ရှပ်ပုံကျေးရွာကို စစ်အာဏာရှင်တပ်က နှစ်ပတ်အတွင်း ငါးကြိမ်ဆက်တိုက် မီးရှို့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံများ မရှိသည့် ရှပ်ပုံရွာကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီလ ၉ရက် ညနှင့် ဖေဖော်ဝါရီလ ၁၁ ရက်ညတို့တွင် ထပ်မံမီးရှို့ကြောင်း ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီလ ၉ရက်ညက ကျေးရွာအတွင်းပိုင်းကို မီးရှို့ခဲ့ပြီး နေအိမ်မည်မျှ ပျက်စီးဆုံးရှုံးသည်ကို မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။
“ရွာမှာ စစ်သားတွေ တပ်စွဲထားတော့ ဘယ်လောက်လောင်သွားလည်း သွားကြည့်လို့ မရသေးဘူး။ မီးလုံးက တော်တော်ကြီး တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၁ရက် ညတွင်လည်း ရွာတောင်ပိုင်းရှိ စာသင်ကျောင်းအနီးဝန်းကျင်ကို မီးရှို့ရာ နေအိမ် သုံးဆောင် မီးလောင်ပျက်စီးသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ရက်တွင် ရှပ်ပုံရွာတွင် မီးစရှို့ခဲ့ပြီး ပထမအကြိမ်တွင် အိမ်ခြေ ၄၀ ကျော်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း နှစ်ကြိမ်မီးရှို့ရာ နေအိမ် ၁၂ ဆောင် ပျက်စီးဆုံးရှုံးကြောင်း ဒေသခံများထံမှ သိရသည်။
ရှပ်ပုံရွာသည် ပုလောမြို့၏ တစ်ဖက်ကမ်းတွင် တည်ရှိပြီး ရှပ်ပုံရွာထဲပိုင်းကို စစ်အာဏာရှင်တပ်သားများ နေရာယူထားကာ ရွာအပြင်ဘက်တွင် တော်လှန်ရေးတပ်များမှ နေရာယူထားကြောင်း ဒေသခံအချို့က ဆိုသည်။
ပထမအကြိမ်တွင် ရှပ်ပုံရွာအလယ်ပိုင်း၊ ဒုတိယအကြိမ်တွင် ရွာအစွန်ပိုင်း၊ တတိယအကြိမ်ရွာအတွင်း အပိုင်း ဒေသအခေါ် စံပြအပိုင်းကို မီးရှို့ခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ရှပ်ပုံရွာတွင် ဒေသခံအချို့နေထိုင်ကြသော်လည်း စစ်ကော်မရှင်က ရွေးကောက်ပွဲကာလ စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ၎င်းက ဆိုသည်။
“ရွာသားတွေက အရင်ကနေတယ်။ အခုရုန်းရင်း ဆန်ခတ်ဖြစ်မှ ပြောင်းသွားကြတယ်။ ဖုန်းလိုင်းလည်း မမိ၊ ရွာထဲလည်း ဝင်မရတော့ လောင်သွားတဲ့ အိမ်တွေကို အတိအကျ မသိရသေးဘူး”ဟု ဖေဖော်ဝါရီလ ၉ရက်က မီးရှို့ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အထက်ပါ ဒေသခံ အမျိုးသမီးက ပြောဆိုသည်။
ပုလောမြို့နယ်ရှိ ပလမြို့နှင့် ရွာအချို့တွင် ရွေးကောက်ပွဲပြီးနောက် စစ်အာဏာရှင်တပ်သားများ မီးရှို့နေသဖြင့် ပျက်စီးဆုံးရှုံးသည့် နေအိမ်၂၅၀ကျော်အထိ ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။







