ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ ရာထူးမှ ဖြုတ်ချခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲကို ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။
ယခု ရွေးကောက်ပွဲသည် အသက် ၃၀ အောက် လူငယ်များ ဦးဆောင်သည့် တော်လှန်ရေးအပြီး ကျင်းပသည့် ကမ္ဘာ့ပထမဆုံး ရွေးကောက်ပွဲ ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
နောက်လတွင် နီပေါနိုင်ငံ၌လည်း အလားတူ ရွေးကောက်ပွဲ ကျင်းပရန် ရှိနေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို ဆန့်ကျင်သည့် ကျောင်းသားများ ဦးဆောင်သော လူထုအုံကြွမှုကြောင့် လပေါင်းများစွာ မငြိမ်မသက်ဖြစ်ခဲ့ရသည်။
ကမ္ဘာ့ဒုတိယအကြီးဆုံးဖြစ်သည့် အထည်ချုပ်လုပ်ငန်းအပါအဝင် အဓိကစီးပွားရေးကဏ္ဍများ ထိခိုက်ခဲ့ရသည်။
လူဦးရေ ၁၇၅ သန်းရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တည်ငြိမ်သည့် အစိုးရ ပြန်လည်ပေါ်ပေါက်လာရေးအတွက် ယခုရွေးကောက်ပွဲတွင် ပြတ်သားသည့် ရလဒ်ထွက်ရန် အလွန်အရေးကြီးကြောင်း လေ့လာသူများက ဆိုသည်။
ရှိတ်ဟာဆီနာ ရာထူးမှ ဖယ်ရှားခံရပြီးနောက် တက်လာသည့် ကြားကာလအစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သူ နိုဘယ်လ်ဆုရှင် မိုဟာမက်ယူနွတ်စ်က “ဒီရွေးကောက်ပွဲဟာ ထုံးစံအတိုင်း မဲပေးရုံသက်သက် ရွေးကောက်ပွဲတစ်ခု မဟုတ်ပါဘူး” ဟု မကြာသေးမီ ရက်ပိုင်းအတွင်း ပြောကြားခဲ့သည်။
“နှစ်ရှည်လများ အမြစ်တွယ်ခဲ့တဲ့ ဒေါသတွေ၊ မညီမျှမှုတွေ၊ အခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ မတရားမှုတွေကို တုံ့ပြန်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ နိုးကြားလာမှုဟာ ဒီရွေးကောက်ပွဲကတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖော်ထုတ်ခွင့် ရရှိလာတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲကာလအတွက် ဘက်မလိုက်သော ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းရန်၊ လွှတ်တော်နှစ်ရပ် ဖွဲ့စည်းရန်၊ အမျိုးသမီး ကိုယ်စားလှယ်ဦးရေ တိုးမြှင့်ရန်၊ တရားစီရင်ရေးကဏ္ဍ လွတ်လပ်မှုကို အားကောင်းစေရန်နှင့် ဝန်ကြီးချုပ်၏ သက်တမ်းကို နှစ်ကြိမ်ထက် ပိုမလုပ်ရန် ကန့်သတ်ချက်များ အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲကိုလည်း ရွေးကောက်ပွဲနှင့်အတူ တစ်ပြိုင်နက် ကျင်းပသွားမည်ဖြစ်သည်။
ယခုရွေးကောက်ပွဲတွင် ယခင်မဟာမိတ်ဟောင်းများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP) နှင့် အစ္စလာမ္မစ်ဝါဒီ ဂျာမတ်အီအစ္စလာမ်မီ ပါတီတို့ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့နှစ်ခု အဓိကယှဉ်ပြိုင်ကြမည်ဖြစ်သည်။
လူထုသဘောထားစစ်တမ်းများအရ BNP ပါတီက အသာစီးရနေသည်။
ဝန်ကြီးချုပ်ဟောင်း ဟာဆီနာ၏ အဝါမီလိဂ်ပါတီမှာ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံထားရပြီး သူမကိုယ်တိုင် အိန္ဒိယနိုင်ငံတွင် တိမ်းရှောင်နေရဆဲဖြစ်သည်။
ဒါကာနှင့် နယူးဒေလီအကြား ဆက်ဆံရေး တင်းမာလာနေချိန်တွင် ယင်းအခြေအနေက ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမှု ပိုမိုကျယ်ပြန့်လာစေရန် အခွင့်အလမ်း ပွင့်စေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
ယခင်ရွေးကောက်ပွဲများနှင့်မတူဘဲ ယခုရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအများအပြား အပါအဝင် ကိုယ်စားလှယ်လောင်း နှစ်ထောင်ကျော်က အောက်လွှတ်တော်ရှိ အမတ်နေရာ ၃၀၀ အတွက် ယှဉ်ပြိုင်နေကြသည်။
စုစုပေါင်း နိုင်ငံရေးပါတီ ၅၀ ထက်မနည်း ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ ယင်းမှာ နိုင်ငံသမိုင်းတစ်လျှောက် အများဆုံးစံချိန်တင် အရေအတွက်လည်း ဖြစ်သည်။
ယခင်ရွေးကောက်ပွဲများတွင် ခြိမ်းခြောက်အကျပ်ကိုင်မှုနှင့် အတိုက်အခံများက ရွေးကောက်ပွဲကို သပိတ်မှောက်မှုများ ရှိခဲ့သည်။
Source: Reuters







