ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင် ဟတ်ယိုင်မြို့ရှိ စာသင်ကျောင်းထဲကို သေနတ်သမား ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိထားသော ကျောင်းအုပ်ဆရာမကြီး ယနေ့ နံနက်ပိုင်းတွင် သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၅ နာရီတွင် ဟတ်ယိုင်မြို့ရှိ Patong Prathan Khiriwat စာသင်ကျောင်းထဲသို့ အသက် ၁၈ နှစ်အရွယ် သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
သေနတ်သမားက ကျောင်းထဲဝင်လာပြီး ဆရာများနှင့် ကျောင်းသားများကို ပစ်ခတ်ခဲ့ကာ အထက်တန်းကျောင်းသားများကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ယင်းအချိန် ဆရာမကြီးက ဖမ်းဆီးခံရသော ကျောင်းသားများကိုယ်စား ၎င်းအား ဓားစာခံအဖြစ် လဲလှယ်ခဲ့ပြီး ကျောင်းသားများကို ကာကွယ်ပေးခဲ့ကြောင်း ဆိုသည်။
သေနတ်သမားသည် ဆရာမကြီးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ချိန် ပစ်ခတ်ခဲ့သဖြင့် အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ရဲတပ်ဖွဲ့က ကျောင်းကို ဝိုင်း၍ ထိန်းချုပ်ကာ သေနတ်သမားကို ပစ်ခတ်ဖမ်းဆီးခဲ့ပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့၍ ကျောင်းသားနှင့် ဆရာများကို ကယ်တင်နိုင်ခဲ့ကြောင်း ဖော်ပြသည်။
ညနေ ၆ နာရီခွဲခန့်တွင် ကျောင်းသားအားလုံးကို ဘေးကင်းစွာဖြင့် ကျောင်းမှ ပြန်လွှတ်ပေးခဲ့ကြောင်း ဖော်ပြသည်။
သေနတ်ပစ်ခတ်ခံရမှုကြောင့် ဝမ်းဗိုက်နှင့် ကိုယ်ပေါ်တွင် ဒဏ်ရာရရှိခဲ့သော ကျောင်းအုပ်ဆရာမကြီးသည် ဟတ်ယိုင် ဆေးရုံကြီးတွင် အရေးပေါ် ကုသမှု ခံယူခဲ့ရပြီး ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၃ နာရီတွင် သေဆုံးခဲ့သည်။
နောက်ထပ် ကျောင်းသားတစ်ဦးကလည်း သေနတ်ဒဏ်ရာရရှိခဲ့သလို ကျောင်းသားတစ်ဦးကလည်း ထွက်ပြေးစဉ် အမြင့်က ပြုတ်ကျခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်း သတင်းများတွင် ဖော်ပြသည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသော သေနတ်သမားနှင့် ပတ်သက်၍ အချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။
Ref: Thai Enquirer, Khaosod, The Thaiger







