ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ ပန်းတောမော်ရွာကို စစ်အာဏာရှင်တပ် ဒရုန်းဗုံးချသဖြင့် ‌အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရ

February 12, 2026

တနင်္သာရီမြို့နယ်၊ သာရဖုံကျေးရွာအုပ်စု၊ ပန်းတောမော်ရွာကို စစ်အာဏာရှင်စစ်ကြောင်းက ဒရုန်းဖြင့် ဗုံးချသဖြင့် ပန်းတောမော်ရွာက ဒေသခံအမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရကြောင်း ‌‌ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက် ‌နံနက် ၁၁နာရီဝန်းကျင်တွင် ကျွန်းစုမြို့နယ်၊ သပြေပင်ရွာရှိ စစ်အာဏာရှင်စစ်ကြောင်းက ပန်းတောမော်ရွာကို ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဒဏ်ရာရသွားသည့် အမျိုးသမီးကြီးမှာ အသက် ၆၀ ဝန်းကျင်ဖြစ်ပြီး ဦးခေါင်းတွင် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

“ရော်ဘာခြံအတွင်း တဲအနီးကို ကျပြီး မိန်းမကြီးတစ်ယောက် ထိသွားတယ်။ မြိတ်ဆေးရုံကို လှေနဲ့ပို့လိုက်တယ်။ စိုးရိမ်ရတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၀ရက်တွင် စစ်အာဏာရှင်တပ်သားများသည် သပြေပင်ရွာကို စစ်ကြောင်းထိုးရောက်ရှိလာပြီး နောက်တစ်ရက် ဖေဖော်ဝါရီလ ၁၁ရက်တွင် ပန်းတောမော်ရွာကို ဒရုန်းဗုံးချခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သပြေပင်ရွာနှင့် ပန်း‌တောမော်ရွာကို လှေဖြင့်သွားပါက ၁၅မိနစ်ခန့် အကွာတွင် ရှိကြောင်း ၎င်းက ဆိုသည်။

“စစ်သားတွေက နေရာစုံမှာ အင်အားဖြည့်ပြီး စစ်‌ကြောင်းထိုးနေတယ်။ ဒရုန်းတက်လာနေတာကို မြင်နေရတယ်။ တိုက်ပွဲဖြစ်ပွားတာတော့ မရှိ‌သေးဘူး” ဟု အထက်ပါနီးစပ်သူက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သားများသည် တနင်္သာရီမြို့နယ် လယ်သစ်ရွာ တစ်ဖက်ကမ်းရှိ ကျွန်းစုမြို့နယ် ပဲ့တိုင်ရွာကို အင်အား ထပ်ဖြည့်ထားပြီး မြိတ်မြို့နယ် မောင်းလှော်ရွာက စစ်ကြောင်းသည် လယ်သစ်ရွာဘက်သို့ စစ်ကြောင်း ထိုးနေကြောင်း‌ ဒေသခံတစ်ဦးက ဆိုသည်။

လယ်သစ်‌ကျေးရွာအုပ်စုနှင့် သရဖုံကျေးရွာအုပ်စုတို့သည် တစ်ဆက်တည်းရှိသည့် ကျေးရွာအုပ်စုများဖြစ်သည်။