အမိုးပေါ်ကို ကျနေတဲ့ တဖြောက်ဖြောက်နှင်းသံက တစ်ခါတစ်ခါ အတွေးကို ပျက်ပျက်သွားစေတယ်။ အကောင်းဘက်ကနေ တွေးရင်လည်း ဒီအသံကြောင့်ပဲ သူ့ကို အိပ်ပျော်မသွားစေဘဲ အတွေးနယ်ချဲ့လို့ကောင်းနေစေတာပဲ။ သူ့အတွေးဟာ အအေးဓာတ်ကို မေ့လျော့စေသလား မပြောတတ်ဘူး။
ညနေက ဆရာလေးပြောခဲ့တဲ့ စကားတွေကို သူ အစကနေ အဆုံး၊ အဆုံးကနေ အစ အနုလုံပဋိလုံ စားမြုံ့ပြန်နေမိတယ်။ အီလွန်မက်ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ သူ့အတွက် လိုအပ်နေတဲ့ စောင်နဲ့ အနွေးထည် တစ်ထည်နှစ်ထည်ကို ချိတ်ဆက်ကြည့်မိနေတာ။
ဆရာလေးက ပြောတယ်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် အီလွန်မက်ဟာ ဒေါ်လာဘီလီယံ ၆၀၀ ချမ်းသာသတဲ့။ ဘီလီယံနာဆိုတာတွေအကြောင်း သူ တစ်စွန်းတစ်စကြားဖူးပေမဲ့ ဘီလီယံ ၆၀၀ ဆိုတာ ဘယ်လောက်များသလဲဆိုတာကိုတော့ သူမတွက်ချက်နိုင်ဖြစ်နေတယ်။ ဒါကို သဘောပေါက်တဲ့ ဆရာလေးက ကလေးပေါက်စတွေကို စာသင်တဲ့ပုံစံမျိုးနဲ့ ရှင်းပြရှာလေတယ်။
“တစ်ဘီလီယံကို သန်းတစ်ထောင်ဗျ။ ဒီလောက်တော့ ခင်ဗျားသိမှာပါ။ ဘီလီယံ ၆၀၀ ဆိုတော့ သန်းပေါင်း ခြောက်သိန်းပေါ့ဗျာ။ သန်းပေါင်းခြောက်သိန်းဆိုတာက..”
ဒီနေရာမှာတင် ဆရာလေးဟာ စကားခဏရပ်သွားတယ်။ ရပ်လို့မို့ တော်တာပဲ။ မဟုတ်ရင် ရှင်းပြခါမှ ပိုရှုပ်တော့မယ်။ သန်းပေါင်းခြောက်သိန်းဆိုတာကို မျက်လုံးနဲ့ ပုံဖော်ကြည့်ပေမဲ့ ဘီလီယံ ၆၀၀ ထက်တောင် မြင်သာဖို့ ခက်နေသေးတယ်။ ဒီလိုပြောလို့ ဆရာလေးကို မကြည်ညိုရာရောက်သွားမလားမသိဘူး။ တကယ်တော့ ဆရာလေးဟာ ရွာမှာ စာအသင်အပြကောင်းတယ်ဆိုတဲ့နာမည်နဲ့လူပါ။ အင်းပေါ့လေ..စာမသင်ရတာ လေးငါးနှစ်ရှိပြီဆိုတော့ သင်ပုံသင်နည်းတွေ ပါးလျမေ့လျော့သွားလေပြီလား၊ ဒီလိုသူတွေးမိတယ်။ သူ့အတွေးမဆုံးခင်မှာပဲ ဆရာလေးက စကားဆက်တယ်။
“မြန်မာပြည်ရဲ့ လူဦးရေ ဘယ်လောက်ရှိလဲဆိုတာ ခင်ဗျားသိလား”
ဒီလောက်တော့လည်း သူသိပါတယ်။ သန်း ၅၀ လို့ တိုတိုပဲ ဖြေလိုက်တယ်။
“ဟုတ်ပြီ၊ သန်း ၅၀ ဟာ ဘယ်လောက်လဲဆိုတာကိုလည်း ခင်ဗျား ပုံဖော်ကြည့်ဖို့ ခက်ကောင်းခက်မှာပါပဲ။ ဒီတော့ မြင်သာအောင် ကျနော် ပြောပါရစေဦး။ ခင်ဗျား မန္တလေးတို့၊ ရန်ကုန်တို့ကို ရောက်ဖူးတယ်မလား”
သူ့အမေ အသည်းအသန်မကျန်းမာတုန်းက မန္တလေးကို ဆေးကုဖို့လိုက်ခဲ့ဖူးတယ်။ နောက်တစ်ခါ တစ်နှစ်တုန်းဆီက နွေရာသီမှာ ဘုရားဖူးဆိုပြီး ရန်ကုန်ကိုရော၊ ကျိုက်ထီးရိုးကိုရော သူတို့မိသားစုတွေ သွားလိုက်ကြသေးတယ်။ အဲဒါတွေကို သတိရမိချိန် ရုတ်တရက်ဆိုသလိုပဲ ရင်ဘက်ထဲမှာ စူးစူးရှရှ နာကျင်သလို ခံစားမိတယ်။ အခုဖြင့် ဟိုရွာဒီရွာကိုတောင် လွယ်လွယ်မသွားနိုင်တော့တဲ့အဖြစ်။ သွားဖူးတာပေါ့ဆရာလေးရာလို့ သူ နာနာကျင်ကျင် ပြန်ဖြေလိုက်တယ်။
ဆရာလေးဟာ သူ့ရင်ဘတ်ထဲအထိ နားထောင်မိပုံမပေါ်ဘူး။ ဘီလီယံ ၆၀၀ ကိစ္စကို ဆက်ရှင်းနေတယ်။
“ဒီတော့ ခင်ဗျားမျက်လုံးထဲမှာ မြင်ကြည့်လိုက်၊ ရန်ကုန်တို့ မန္တလေးတို့၊ နောက်ပြီး လမ်းခရီးတစ်လျှောက်မှာ မြင်တွေ့ခဲ့ရတဲ့လူတွေ၊ ကုန်ကုန်ပြောမယ်ဗျာ တစ်သက်တာလုံးမှာ ခင်ဗျား မြင်ဖူးသမျှလူတွေ၊ ဆိုပါတော့ ဘုရားပွဲတွေမှာ ကျိတ်ကျိတ်တိုးနေတဲ့ လူအုပ်ကြီးတွေ၊ ဘောလုံးပွဲတွေမှာ သည်းသည်းလှုပ်နေတဲ့ ပရိသတ်တွေ အဲဒါတွေအကုန်လုံးပါထည့်တွက်၊ သန်း ၅၀ ဆိုတာက အဲဒါထက်ကို အများကြီးများသေးတယ်ဗျ။ ကျနော်ပြောချင်တာက အီလွန်မက်ရဲ့ ချမ်းသာမှုဟာ အဲဒီ သန်း ၅၀ ကို ကလေးလူကြီးမကျန် တစ်ယောက်ချင်းစီကို ဒေါ်လာ တစ်သောင်းစီ ပေးလို့ရတယ်ဗျ။ ဒေါ်လာတစ်သောင်းဆိုတာက မြန်မာငွေ သိန်း ၄၀၀ ဝန်းကျင်ပေါ့ဗျာ”
သိန်း ၄၀၀။ သိန်း ၄၀၀ ဟာ ဘယ်လောက်များလဲလို့တော့ သူ ပြန်မမေးတော့ပါ။ တစ်နှစ်ဆီကပဲ သူဦးကြီးတစ်ယောက် အကောင် ၄၀-၅၀ ပါတဲ့ နွားခြံတစ်ခြံဝယ်လိုက်တာ သိန်း ၄၀၀ ပေးရတယ်။ ဒီတော့ သိန်း ၄၀၀ ဟာ ရွာမှာဆို အလုပ်ကြီးအကိုင်ကြီး လုပ်လို့ရတဲ့ပမာဏဆိုတာ သူ သိတယ်။ အဲဲဒီလောက်ပမာဏကို လူတိုင်းစေ့ပေးလို့ရတယ်ဆိုတော့ အီလွန်မက်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ကြွယ်ဝမှုအပေါ် သူ မျက်လုံးပြူးမိတယ်။ တဆက်တည်းမှာပဲ ဆရာလေးပြောသလို ငါတို့ပြည်သူတွေကို အဲဒီလိုခွဲဝေပေးရင်ကောင်းမှာပဲဆိုတဲ့ အတွေးက ဝင်လာတယ်။ တကယ်တော့ အဲဒီလိုဖြစ်နိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း သူ့ဉာဏ်အတိုင်းအဆနဲ့ သိပါတယ်။
ဆရာလေးဆီကနေ မကြာခဏကြားဖူးနေကျမို့ ကွန်မြူနစ်စနစ်တို့၊ အရင်းရှင်စနစ်တို့ဆိုတဲ့အကြောင်းတွေကိုလည်း သူ နည်းနည်းပါးပါးသိတယ်။ အဲဒီလိုခွဲဝေပေးဖို့ဆိုတာ အီလွန်မက်ဟာ ကွန်မြူနစ်တစ်ယောက်ဖြစ်ဖို့လိုတယ်။ ဒါတောင်မှ မြန်မာပြည်ကလူတွေကို ခွဲဝေပေးဖို့ဆိုတာ မဖြစ်နိုင်။ သူ့တိုင်းပြည်ကလူတွေကိုပဲ ခွဲဝေပေးမှာပေါ့။ တစ်ဖက်ကကြည့်ပြန်တော့လည်း အီလွန်မက်ဟာ ကွန်မြူနစ်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်လည်း အခုလို ကြွယ်ဝချမ်းသာလာမှမဟုတ်ဘူး။ အဲဒီလို သိပေမဲ့ အတွေးဆိုတာကလည်း အတွေးပဲပေါ့။ တားလို့ရတာမှ မဟုတ်တာ။
“အဲဒီလို ခွဲဝေပေးရင်တောင် ကုန်မယ်ထင်လား၊ မကုန်သေးဘူးဗျ”
ဆရာလေးရဲ့စကားသံက သူ့စိတ်ကူးကို ဖျက်လိုက်ပြန်တယ်။
“ဘီလီယံ ၁၀၀ သူ့မှာ ကျန်သေးတယ်”
လာပြန်ပြီ ဘီလီယံ။ ပြဿနာက အစကို ပြန်ရောက်သွားပြန်ပြီ။ သူ့အရိပ်အခြည်ကို မြင်လို့ဖြစ်မယ်။ ဆရာလေးဟာ သူ ရှင်းစရာရှိတာကို ဆက်ရှင်းတော့တယ်။
“မြန်မာပြည်မှာ အမြင့်ဆုံးထီဆုငွေက သိန်း ၁၅၀၀၀ ဗျ။ ထီအကြောင်းပြောလို့ ခင်ဗျားကို ထီထိုးဖို့ ဆွယ်တရားဟောတယ်လို့ မထင်နဲ့နော်။ ကျနော်ပြောချင်တာက ဥပမာပြမလို့”
ဒီလောက်တော့ သူလည်း အခင်းပါးပါတယ်။ ထိုးချင်ဦးတော့၊ အခုလို တောထဲတောင်ထဲ ဘယ်နားသွားထိုးမှာလဲ။ ကျုပ်သဘောပေါက်ပါတယ်လို့ သူပြန်ပြောလိုက်တယ်။
“အီလွန်မက်မှာ ဒေါ်လာဘီလီယံ ၁၀၀ ကျန်သေးတယ်ဗျ။ ခင်ဗျားအနေနဲ့ သိန်းတစ်သောင်းခွဲထီကို လစဉ်လတိုင်းပေါက်မယ်ထား၊ နှစ်ပေါင်း နှစ်သောင်းနှစ်ထောင်ကျော်ကြာမှ အဲဒီလောက် ရမယ်”
ဟင်ဆိုတဲ့ အာမေဋိတ်ကလွဲပြီး သူ့ဆီကနေ ဘာသံမှ မထွက်နိုင်တော့ဘူး။ မြန်မာပြည်က လူတိုင်းကို တစ်ယောက် သိန်း ၄၀၀ စီ ခွဲပေးပြီးတာတောင်မှ ကျန်တဲ့ပမာဏဟာ နှစ်ပေါင်း နှစ်သောင်းကျော် ဆက်တိုက်ထီပေါက်သလောက်။ နှစ်ပေါင်း နှစ်သောင်းနှစ်ထောင်ဆိုတာ ဘယ်လောက် ရှည်လျားပါလိမ့်။ ဘုရားဘုရား..။
“ခင်ဗျားက ဘောလုံးပွဲဝါသနာရှင်မို့ ပြောရအုံးမယ်။ အင်္ဂလန်၊ စပိန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီ တွေမှာရှိတဲ့ ထိပ်တန်းဘောလုံးအသင်း ၁၀၀ ကို အီလွန်မက်ဟာ ငါးခါပြန်ဝယ်လို့ရတယ်ဗျ”
ဒီတစ်ခါလည်း သူမျက်လုံးပြူးရုံမှတစ်ပါး ဘာမှ ပြန်မပြောနိုင်။
ဆရာလေးနဲ့ သူ စကားပြောပြီး မှောင်လာတော့ ကိုယ်စီကိုယ်စီ တဲအသီးသီးကို ပြန်ခဲ့ကြတယ်။ တဲကိုပြန်ရောက်တော့ သူ့မိန်းမက ကလေးတွေနဲ့အတူ အိပ်နေတယ်။ သူလည်း မိန်းမဘေးမှာ ဝင်လှဲလိုက်ရင်း စောင်ကို ဆွဲခြုံလိုက်တယ်။ သူသိတယ်။ ဒီညတော့ တော်တော်နဲ့ အိပ်လို့ပျော်မှာမဟုတ်ဘူးဆိုတာ။
ဆရာလေးကတော့ပြောတယ်။ စစ်ကြောင်းပြန်ထွက်သွားပြီမို့ နောက်တစ်ရက်နှစ်ရက်ဆိုရင် သူတို့ ရွာကိုပြန်ကပ်နိုင်လောက်တယ်တဲ့။ ဒါပေမဲ့ ရွာက အိမ်က မီးလောင်သွားခဲ့ပြီ။ ဘယ်ကနေ စပြီး ဘယ်လိုလုပ်ရမယ်ဆိုတာတောင် သူ စဉ်းစားမရဘူး။ စဉ်းစားမရတဲ့ကြားကပဲ စဉ်းစားချင်စိတ်က ဝင်လာပြန်တယ်။ ထီတစ်ကြိမ် ပေါက်ရင် ဘယ်လောက်ပျော်မလဲ။ နှစ်ပေါင်း နှစ်ပေါင်းနှစ်သောင်းနှစ်ထောင်ဆက်တိုက်ပေါက်ရင်ရော။ ဒါတောင်မှ အစွန်းထွက်ပဲ ရှိသေးတယ်တဲ့။
ညဉ့်နက်လာလေ အေအေးဓာတ်က ပိုကဲလာလေ။ နည်းနည်းလောက်လှုပ်လိုက်တာနဲ့ စိမ့်ခနဲ ဖြစ်သွားတယ်။ သူ့အတွေးဟာ အအေးဓာတ်ကို အန်တုနေဆဲ။ တကယ်လို့သာ အီလွန်မက်ဟာ တစ်ယောက်ကို သိန်း ၄၀၀ စီ ဝေငှပေးရင် သူ ဘာတွေလုပ်မလဲ။ အရင်ဆုံးတော့ ကလေးတွေအတွက် အနွေးထည်လေးတွေ ဝယ်ရမယ်၊ ပြီးရင် စောင်တွေ ဝယ်ဖြစ်မယ်ထင်တယ်။
ငြိမ့်လွင့်







