ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတွင် စစ်အာဏာရှင်တပ်လှည့်ကင်းကို တော်လှန်ရေးတပ် တိုက်ခိုက်

January 12, 2026

ပုံစာ - တော်လှန်ရေးတပ်ဖွဲ့ဝင်များ(ပုံဟောင်း)

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် ယာယီတပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများ ရမ်းဖိုရွာလမ်းမကြီးတစ်လျှောက်ကို ခြေလျင် ကင်းလှည့်ထွက်လာစဥ် တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၂ရက် မွန်းလွဲ ၁နာရီဝန်းကျင်တွင် တိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းနောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကြောင်း တော်လှန်‌ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“တိုက်ပွဲက လမ်းကင်းလှည့်တဲ့ သူတွေနဲ့ ဖြစ်ကြတယ်။ မိနစ် နှစ်ဆယ်လောက်‌တော့ ပစ်ခတ်မှုဖြစ်တယ်” ဟု ၎င်းက ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရမ်းဖိုရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းဖိုရွာ ဥယျာဥ်ခြံများဘက်သို့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“ဥယျာဥ်ခြံထဲကို ပစ်တာတော့ ထိခိုက်မှုမရှိဘူး။ စစ်သားတွေဘက်ကတော့ သုံးဦး ထိခိုက်မှုရှိတယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်သားများ ထိခိုက်မှုနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားတည်ပြုနိုင်ခြင်း မရှိသေးပါ။

‌စစ်အာဏာရှင်တပ် လှည့်ကင်းကို တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် ဗိုလ်ခရင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဘက်က ထိခိုက်မှု မရှိကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူက ပြောဆိုသည်။