ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာ၊ ပြည်ထောင်စုကားလမ်းမပေါ်တွင် ယနေ့ ဇန်နဝါရီလ ၁၂ ရက် နေ့လယ်ပိုင်းက နေအိမ်အချို့ မီးလောင်ကြောင်း ဒေသခံများထံမှ သိရသည်။
စားသောက်ဆိုင် ဖွင့်ထားသည့် နေအိမ်တစ်လုံးနှင့် စာသင်ကျောင်းနံဘေးရှိ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ယင်းနေအိမ် နှစ်လုံးပတ်ဝန်းကျင်ရှိ နေအိမ် ငါးလုံးဝန်းကျင် မီးအနည်းငယ် ကူးစက်ကာ ပျက်စီးမှုအချို့ရှိကြောင်း ၎င်းတို့က ဆိုသည်။
“မီးကလေ တစ်နေရာတည်း လောင်တာ မဟုတ်ဘူး။ ဟိုနေရာတစ်ကွက် ဒီနေရာတစ်ကွက် နှစ်နေရာလောက် လောင်သွား တယ်။ အိမ်နှစ်လုံးက လုံးဝပျက်စီးသွားတယ်။ ကျန်တာ မီးကူးတာလောက်ပဲ” ဟု မီးငြှိမ်းသတ်ရာတွင် ကူညီခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။
ရှို့မီးဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။
ဆင်ထိုးကြီးရွာတွင် နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံများ ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရပြီး လက်ရှိတွင်လည်း မြေမြှုပ်မိုင်း နင်းမိသည့်ဖြစ်စဉ်များ ဆက်တိုက်ရှိနေသဖြင့် ဒေသခံများ ရွာတွင် မနေထိုင်ရဲကြကြောင်း ဒေသခံများထံမှ သိရသည်။




မီးလောင်မှု ဖြစ်ပွားချိန်တွင် ပတ်ဝန်းကျင် ရွာများမှ ဒေသခံများ လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မီးလောင်မှုမှာ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ သုံးနာရီခန့် ကြာမြင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလနှင့် ယခု ဇန်နဝါရီလအတွင်း ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တွင် မီးလောင်မှု ကိုးကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး ရှေ့ဟောင်းဘုန်းကြီးကျောင်းဆောင်တစ်ဆောင်၊ နေအိမ်ရှစ်လုံးနှင့် ကုန်တင်ယာဥ်တစ်စီး မီးလောင်ပျက်စီး ခဲ့ကြောင်း Dawei Watch က ပြုစုထားသည့် စာရင်းအရသိရသည်။







