ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်တွင် အစိုးရဆန့်ကျင်ဆန္ဒပြပွဲအတွင်း သေဆုံးသူ ၅၀၀ ကျော်လာ၊ စစ်ရေးအရ အရေးယူရန် ထရမ့်စဉ်းစားနေ

January 12, 2026

အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများအတွင်း သေဆုံးသူ ၅၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း အမေရိကန်အခြေစိုက် Human Rights Activist New Agency (HRANA) လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

နိုင်ငံအတွင်း အစိုးရဆန့်ကျင် ဆန္ဒပြမှုများ စတင်ဖြစ်ပေါ်ပြီး သုံးပတ်အကြာတွင် ဆန္ဒပြသူ ၄၈၃ ဦး၊ ကလေးငယ် ၈ ဦး၊ ဆန္ဒပြပွဲတွင် မပါဝင်သူ ၅ ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၄၈ ဦး သေဆုံးသည်ကို အတည်ပြုနိုင်ကြောင်း အဖွဲ့က ပြောသည်။

နောက်ထပ် လူပေါင်း တစ်သောင်းကျော် ဖမ်းဆီးခံထားရသည်ဟု သိရသည်။

အီရန်အစိုးရဘက်က သေဆုံးသူစာရင်းကို တရားဝင် တိတိကျကျထုတ်ပြန်ခြင်း မရှိသေးသဖြင့် အရေအတွက် တိတိကျကျကို အတည်မပြုနိုင်သေးပေ။

ပြီးခဲ့သော ဇန်နဝါရီလ ၉ ရက်နေ့မှစ၍ အီရန်ပြည်သူများက ဖုန်းနှင့် အင်တာနက်ပြတ်တောက်မှုများ ကြုံတွေ့နေရသည်။

လက်ရှိတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အစိုးရကို ညှိနှိုင်းရန် ပြောကြားထားပြီး စစ်ရေးအရ အရေးယူမှုများ ရှိနိုင်ကြောင်း သတိပေးထားပြီးဖြစ်သည်။

အကယ်၍ အမေရိကန်ဘက်က စစ်ရေးအရ ကြားဝင်နှောင့်ယှက်ပါက အမေရိကန် စစ်ခန်းများနှင့် စီးပွားရေးအဆောက်ဦးများကို လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန်ဘက်ကလည်း သတိပေးထားသည်။

အီရန်အစိုးရအနေဖြင့် ဆန္ဒပြသူများကို ဖြိုခွင်းသတ်ဖြတ်ခြင်းမပြုရန် အမေရိကန်ဘက်က သတိပေးထားသော်လည်း သတ်ဖြတ်မှုများ စလုပ်နေပြီဖြစ်ကြောင်း ထရမ့်က သတင်းထောက်များကို‌ ဖြေကြားခဲ့သည်။

လက်ရှိတွင် အီရန်၏ အခြေအနေကို တုံ့ပြန်နိုင်ရန်အတွက် စစ်ရေးအရ အရေးယူမှုများအပါအဝင် ရွေးချယ်စရာ နည်းလမ်းမျိုးစုံကို စဉ်းစားနေကြောင်း ထရမ့်က ဇန်နဝါရီလ ၁၁ ရက်နေ့က ပြောကြားထားသည်။

လာမည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင်လည်း အီရန်အရေးနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်သည့် နည်းလမ်းများကို ထရမ့်က အဆင့်မြင့် အရာရှိများနှင့် ဆွေးနွေးရန် ရှိနေကြောင်း သိရသည်။

နည်းလမ်းများတွင် စစ်ရေးအရ အရေးယူမှုများအပါအဝင် ဆန္ဒပြသူများကို ကူညီပေးခြင်းတို့လည်း ပါဝင်နိုင်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။

Ref: CNN, REUTERS