ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွေးကောက်ပွဲအကြိုနေ့ တနင်္သာရီတွင် ရွာများကို စစ်အာဏာရှင်တပ် မီးရှို့၊ ခြံလေးခြံနှင့် အိမ်တစ်ဆောင်ပျက်စီး

January 12, 2026

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု ကျေးရွာသုံးရွာရှိ ရာဘာခြံ၊ ကွမ်းခြံနှင့် နေအိမ်တစ်ဆောင်တို့ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ရွေးကောက်ပွဲ အကြိုနေ့ ဇန်နဝါရီလ ၁၀ရက် နံနက် ၁၁နာရီခွဲတွင် ဘန်းလမွတ်ရွာမှ စစ်အာဏာရှင်တပ် ခြေလျင် စစ်ကြောင်းနှစ်ကြောင်းက မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဘန်းလမွတ်ရွာ ဒေသခံတစ်ဦးက ပြောသည်။

ဘန်းလမွတ်ရွာတွင် ရော်ဘာခြံတစ်ခြံ၊ ပနပ်ငယ်ရွာတွင် ရော်ဘာခြံတစ်ခြံ၊ ပနပ်ငယ်ရွာထဲတွင် ပါဝင်သည့် ဒေသအခေါ် လယ်ဦးရွာ အလုပ်စခန်းနေရာတွင် ရော်ဘာခြံတစ်ခြံ၊ ကွမ်းခြံတစ်ခြံနှင့် အိမ်ဆောက်ရန် စုထားသည့် သစ်ခွဲသား ၂တန်၊ ရမ်းဖိုရွာတွင် တစ်ထပ်တိုက် အိမ်တစ်ဆောင်တို့ကို မီးရှို့ခဲ့ကြောင်း ၎င်းက ဆိုသည်။

“မီးရှို့ခံရထဲမှာ ဘန်းလမွတ်ရွာက ကော်ပတ်တော (ရော်ဘာခြံ) က အများဆုံး လောင်သွားတယ်။ နွေရာသီ သစ်ရွက်ကြွေချိန် ဖြစ်နေတော့ ကော်ပတ်တောက မီးလောင်မြန်တယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။

စစ်အာဏာရှင်တပ် မီးရှို့မှုကြောင့် ရော်ဘာခြံ သုံးခြံတွင် စုစုပေါင်း ဧက ၂၀ကျော်နှင့် ကွမ်းခြံတစ်ခြံတွင် ၅ဧက ကျော် မီးလောင်ပျက်စီးကြောင်း ရမ်းဖိုရွာ ‌ဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်ကို ကြောက်လန့်သဖြင့် လမ်းမနှင့်နီးသည့်နေရာများတွင် မီးမငြှိမ်းသတ်ရဲဘဲ လမ်းမနှင့် ဝေးသည့် နေရာများတွင်သာ ဒေသခံများနှင့် ခြံချင်းနီးစပ်သည့် ခြံပိုင်ရှင်များက မီးငြှိမ်းသတ်ရဲကြောင်း ၎င်းက ဆိုသည်။

“လမ်းမကြီးနဲ့ နီးနေဟာတွေ ဝင်သတ်လို့ မရဲဘူး။ နည်းနည်းလှမ်းမှ (ဝေးမှ) သတ် (ငြှိမ်း) ရဲတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သည် ရွေးကောက်ပွဲနေ့တွင်လည်း မော်တုန်းရွာကို ဒရုန်းဖြင့် ဗုံးချသဖြင့် မော်တုန်းဒေသခံ အသက် ၆၀နှစ်ဝန်းကျင် အမျိုးသမီးကြီးတစ်ဦး လက်တွင် ဒဏ်ရာရခဲ့သေးသည်။

စစ်ကော်မရှင်က ဇန်နဝါရီလ ၁၁ ရက်တွင် ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) တွင် တနင်္သာရီမြို့နယ်ပါဝင်ပြီး မြို့နယ်တစ်ခုလုံးတွင် မဲရုံ သုံးရုံဖြင့်သာ ကျင်းပနိုင်ခဲ့သည်ကို တွေ့ရသည်။