ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တရုတ်စတိုင် အာဏာတိုးချဲ့ရယူရန် ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီးအကဲကြိုးပမ်း

January 12, 2026

ပုံစာ - ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ တိုလမ်အား လန်ဒန်မြို့တွင် ယမန်နှစ် အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးဖြစ်သူ တိုလမ်သည် ပါတီအကြီးအကဲရာထူးနှင့် နိုင်ငံတော်သမ္မတ ရာထူး နှစ်ခုစလုံးကို ပူးတွဲရယူရန် ကြိုးပမ်းနေကြောင်း ဗီယက်နမ်အစိုးရအရာရှိများက ပြောသည်။

တိုလမ်၏ ကြိုးပမ်းမှုမှာ သမ္မတရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ကို တစ်ဦးတည်း ဦးဆောင်နေသည့် တရုတ်နိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် ပိုမိုဆင်တူလာစေသည့် ခြေလှမ်းဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

လာမည့် သီတင်းပတ်တွင် ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်း၌ ကိုယ်စားလှယ် ၁,၆၀၀ ခန့် တက်ရောက်မည့် ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ညီလာခံကို တစ်ပတ်ကြာ ကျင်းပမည်ဖြစ်သည်။

ငါးနှစ်တစ်ကြိမ် ကျင်းပသည့် အဆိုပါညီလာခံတွင် ခေါင်းဆောင်သစ်များ ရွေးချယ်ပြီး နိုင်ငံ၏ မူဝါဒရည်မှန်းချက်များကို ချမှတ်သွားမည်ဖြစ်သည်။

အသက် ၆၈ နှစ်အရွယ် တိုလမ်သည် ယမန်နှစ် ဒီဇင်ဘာလက ပြုလုပ်ခဲ့သည့် ပါတီအစည်းအဝေးတစ်ခုတွင် ၎င်းအနေဖြင့် ပါတီအကြီးအကဲရာထူးနှင့် နိုင်ငံတော်သမ္မတရာထူး နှစ်ခုစလုံးကို ရယူနိုင်ရေး ညီလာခံမတိုင်မီ ကနဦးထောက်ခံမှု ရရှိနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

အဆိုပါ အစည်းအဝေးတွင် တိုလမ်အား ပါတီအကြီးအကဲအဖြစ် ဆက်လက်ရှိနေရန် ထောက်ခံခဲ့သော်လည်း ၎င်း၏ သမ္မတရာထူးရယူရေးနှင့် ပတ်သက်၍မူ သဘောထားကွဲလွဲမှုများ ရှိကြောင်း သိရသည်။

တိုလမ်၏ ကြိုးပမ်းမှုနှင့်ပတ်သက်၍ နောက်ဆုံး ဆုံးဖြတ်ချက်မှာ မကြာမီ ကျင်းပမည့် ပါတီညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်များအပေါ်တွင်သာ မူတည်နေသည်။

ဗီယက်နမ်နိုင်ငံတွင် သမ္မတရာထူးသည် နိုင်ငံတော်ဥသျှောင် အဆောင်အယောင်သဘောသာ ဖြစ်ပြီး လက်ရှိတွင် သမ္မတရာထူးကို စစ်ဘက်က ရယူထားသည်။

လာမည့် ငါးနှစ်အတွက် ပါတီအကြီးအကဲရာထူးနှင့် သမ္မတရာထူးနှစ်ခုကို ပေါင်းစပ်ခြင်းသည် ဗီယက်နမ်နိုင်ငံ၏ အစဉ်အလာ အာဏာခွဲဝေမှု ပုံသဏ္ဍာန်နှင့် သိသိသာသာ လမ်းခွဲထွက်သည့် သဘော ဖြစ်နေမည် ဖြစ်သည်။

ဗီယက်နမ်နိုင်ငံရေးစနစ်တွင် အစဉ်အလာအရ လက်ရှိတာဝန်ယူထားဆဲ ခေါင်းဆောင်တစ်ဦးဦး ကွယ်လွန်သည့် ခြွင်းချက် အခြေအနေများတွင်သာ ပါတီခေါင်းဆောင်နှင့် သမ္မတရာထူး နှစ်ခုစလုံးကို ပူးတွဲရယူနိုင်လေ့ ရှိသည်။ လက်ရှိ ပါတီခေါင်းဆောင် တိုလမ်သည်လည်း ၂၀၂၄ ခုနှစ်အတွင်း ယင်းသို့ သုံးလခန့် ပူးတွဲတာဝန်ယူခဲ့ဖူးသည်။

ယခု ဇန်နဝါရီလ ၁၉ ရက်တွင် စတင်မည့် တစ်ပတ်ကြာ ပါတီညီလာခံ၌ အဖွဲ့ဝင် ၂၀၀ ပါဝင်သော ပါတီဗဟိုကော်မတီအသစ်ကို ရွေးချယ်တင်မြှောက်သွားမည်ဖြစ်သည်။

ပါတီဗဟိုကော်မတီတွင် လူသစ်အများအပြား ပါဝင်လာနိုင်ခြေရှိသဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလက ကိုယ်စားလှယ် ၁၄၀ ခန့်က ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို အဖွဲ့ဝင်သစ်များက ပြန်လည်အတည်ပြုရန်မှာ မသေချာပေ။

ပါတီဗဟိုကော်မတီက ပါတီအထွေထွေအတွင်းရေးမှူးချုပ်နှင့် ပေါ်လစ်ဗျူရိုအဖွဲ့ဝင်များကို ရွေးချယ်မည်ဖြစ်သည်။

ယင်းနောက် ပေါ်လစ်ဗျူရိုက သမ္မတ၊ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ကို အမည်စာရင်း တင်သွင်းမည်ဖြစ်ပြီး ယင်းခန့်အပ်မှုများကို လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုပေးရမည်ဖြစ်သည်။

Source: Reuters