တနင်္သာရီမြို့နယ်ရှိ မော်တုန်းရွာနှင့် ကမ်းတိုရွာကို စစ်အာဏာရှင်တပ်က ရွေးကောက်ပွဲနေ့တွင် ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်သဖြင့် မော်တုန်းရွာက အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီလ ၁၁ရက် ညနေ ၅နာရီဝန်းကျင်တွင် မော်တုန်းရွာအခြေစိုက် စစ်အာဏာရှင်တပ် အမှတ် ၃၀၆ အမြောက် တပ်ရင်းက အနောက်မော်တုန်းရွာကို ဒရုန်းဖြင့် ဗုံးနှစ်လုံးချသဖြင့် အသက် ၆၀ ဝန်းကျင် ဒေသခံအမျိုးသမီး လက်တွင် ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“စစ်တပ်က ဒီနေ့ (ဇန်နဝါရီ ၁၁) ရွေးကောက်ပွဲလုပ်ကြတယ်။ အဲဒါကြောင့် လာကြဲတယ်ထင်တယ်။ ထိသွားတဲ့ အဖွားကြီးက နားသိပ်မကြားတော့ သူလည်းပြေးလို့ မလွတ်လိုက်ဘူး။ နှစ်လုံးပြိုင်တူ လာချတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
စစ်အာဏာရှင်တပ်သည် အနောက်မော်တုန်းကျေးရွာကို ဒရုန်းဖြင့် ဗုံးနှစ်လုံး ချပြီးနောက် ကမ်းတိုရွာကိုလည်း ဗုံးတစ်လုံးချခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။
“ကမ်းတိုရွာမှာတော့ ထိခိုက်မှု မရှိဘူး။ မော်တုန်းဘက်မှာက ကွင်းပြင်ထဲကိုကျပြီး ထိသူက အစင်ထိသွားတယ်” အထက်ပါ အမျိုးသားတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်သည် တနင်္သာရီမြို့ပေါ်တွင် ရွေးကောက်ပွဲလုပ်ရန်အတွက် လွန်ခဲ့သည့် တစ်ပတ်ခန့်ကစတင် နယ်ခြားရွာမှ ရေဖြူရွာအထိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် လမ်းကင်းများဖြင့် လုံခြုံရေးယူထားပြီး မဲရုံသုံးရုံဖြင့်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။







