ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးပစ်ခတ်၊ သင်းကျွန်းရွာက နေအိမ်အချို့မီးလောင်နေ

December 11, 2025

သရက်ချောင်းမြို့နယ်ထဲ ကျေးရွာများကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး သင်းကျွန်းရွာတွင် နေအိမ်အချို့ မီးလောင်နေကြောင်း ဒေသခံအချို့က ပြောသည်။

ဒီဇင်ဘာလ ၁၁ ရက် နံနက် ၉ နာရီခန့်တွင် ထားဝယ်-မြိတ်သွားကားလမ်းတစ်လျှောက်က သရက်နှစ်ခွရွာ၊ သင်းကျွန်းရွာကို စစ်အာဏာရှင် တပ်သားများ ကားများဖြင့် လာရောက်ပြီး တပ်စွဲခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် နေ့လယ် ၁၂ နာရီခန့်မှ ညနေ ၆ နာရီအထိ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“အိမ်တွေ မီးလောင်နေတယ်။ (အဝေးကနေ) ကြည့်ရသလောက် သုံးလေးဆောင်လောက် ရှိမယ်ထင်တယ်။ ပစ်တာကတော့ နှစ်ဖက်ပစ်တာလား တစ်ဖက်တည်းက ပစ်နေတာလား မသိဘူး။ ဒီလောက်ပဲနော် စကားပြောလို့မရဘူး။ အသံတောင် မထွက်ရဲဘဲ နေနေရတာ” ဟု သင်းကျွန်းရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သရက်နှစ်ခွရွာက နေအိမ်တစ်လုံးကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးထားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

စစ်အာဏာရှင်တပ်သည် ရန်တောင်၊ ဥတ္တူကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်သလို တပ်စွဲထားသည့် သင်းကျွန်း၊ သရက်နှစ်ခွ ရွာထဲသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

နေအိမ်အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုအသံကြောင့် ဥတ္တူရွာက အမျိုးသမီးကြီးတစ်ဦး နားမကြားဖြစ်ခဲ့ရကြောင်း ဥတ္တူရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ပိန်းတော၊ မဲနယ်အိုး၊ ဥတ္တူ၊ သရက်နှစ်ခွ၊ သင်းကျွန်း၊ ရန်တောင် စသည့်ကျေးရွာက ဒေသခံအများစု တိမ်းရှောင်နေကြရကြောင်း ဒေသခံအချို့က ဆိုသည်။

“(စစ်ကြောင်း) စလာတုန်းကတော့ ကိုယ့်အိမ်မှာပဲ ကိုယ်နေကြတယ်။ အခုညနေအထိ လက်နက်ကြီး ဆက်တိုက် ပစ်နေတော့ တချို့တွေ စစ်ဘေးရှောင်ကုန်ကြပြီ” ဟု ဥတ္တူရွာက အမျိုးသားက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သည် ထားဝယ်မြို့နယ် ရှင်မုတ္ထီး၊ ရောင်းမော်ရွာဘက်မှ ကားနှစ်စီးဖြင့် စစ်ကြောင်းတစ်ကြောင်း ထိုးလာသလို သရက်ချောင်းမြို့ဘက်ကလည်း ကားသုံးစီးခန့်ဖြင့် ထားဝယ်နှင့် သရက်ချောင်းကြား မြိတ်-ထားဝယ် ကားလမ်းတစ်လျှောက် စစ်ကြောင်းထိုးနေသည်။

ကျေးရွာများရှိ ဘုန်းကြီးကျောင်းနှင့် အရပ်သားနေအိမ်များတွင် ဝင်ရောက်တပ်စွဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။