မုတ္တမ (တနင်္သာရီကမ်းလွန်) ၌ တူးဖော်မည့် မင်းရဲသူ သဘာဝဓာတ်ငွေ့စီမံကိန်းအကဲဖြတ်ခြင်းနှင့် စူးစမ်းရှာဖွေခြင်း၊ တူးဖော်ရေးလှုပ်ရှားမှုကို ၂၀၂၆ နှစ်ကုန်တွင် ပြုလုပ်မည်ဖြစ်ကြောင်း စီမံကိန်းပြုလုပ်မည့် ကုမ္ပဏီဘက်က တနင်္သာရီတိုင်း စစ်ကော်မရှင်ထံ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်တွင် လာရောက်ရှင်းလင်းမိတ်ဆက်ခဲ့သည်။
ယင်းအခမ်းအနားတွင် တိုင်းစစ်ကော်မရှင် ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အဖွဲ့ဝင်အချို့ တက်ရောက်ခဲ့ကြောင်း စစ်ကော်မရှင် လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
မင်းရဲသူစီမံကိန်းကို လုပ်ကိုင်ရန် ယခုနှစ် မေလ ၂၉ ရက်တွင် နေပြည်တော်၌ မြန်မာနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုဖြစ်သည့် Gulf Petroleum Myanmar (GPM) ကုမ္ပဏီနှင့် စစ်ကော်မရှင် လက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့အကြား ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သုံးစွဲနိုင်ရန်အတွက် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract-PSC) ကို လက်မှတ်ရေးထိုးခဲ့သည်။
စာချုပ်ချုပ်ဆိုစဥ်ကတည်းက ၂၀၂၈ ခုနှစ်တွင် မင်းရဲသူစီမံကိန်းအနေဖြင့် ပထမဦးဆုံး သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူ နိုင်ရေး အောင်မြင်အောင် ကြိုးပမ်းမည်ဖြစ်ကြောင်း စစ်ကောင်စီနှင့် ကုမ္ပဏီတို့က ပြောဆိုထားကြသည်။
မင်းရဲသူစီမံကိန်းကို မုတ္တမ (တနင်္သာရီကမ်းလွန်) လုပ်ကွက် (M – 10) တွင် ပြုလုပ်မည် ဖြစ်သည်။
ယင်းနေရာသည် လက်ရှိ ထိုင်းနိုင်ငံ က PTTEPI ကုမ္ပဏီကလုပ်ကိုင်နေသည့် ဇောတိကသဘာဝဓာတ်ငွေ့ စီမံကိန်း လုပ်ကွက် (M-9) နှင့် ကပ်လျက်တည်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ လုပ်ကွက်များမြေပုံအရသိရသည်။
M-10 လုပ်ကွက်တွင် ၂၀၀၉ ခုနှစ်က တရုတ်အစိုးရပိုင် China National Offshore Oil Corporation (CNOOC) ကုမ္ပဏီနှင့် MOGE တို့အကြား စာချုပ်ချုပ်ဆို၍ ရေနံရှာဖွေတူးဖော်မှုများပြုလုပ်ခဲ့သော်လည်း ဓာတ်ငွေ့အနည်းငယ်သာ တွေ့သဖြင့် ၂၀၁၃ ခုနှစ်ဝန်းကျင်တွင် ပြန်လည်အပ်နှံခဲ့ကြောင်း Myanmar Now ၏ သတင်းတစ်ရပ်တွင် ဖော်ပြသည်။
မင်းရဲသူ စီမံကိန်းကို ပြုလုပ်မည့် GPM ကုမ္ပဏီ၏ ဥက္ကဋ္ဌမှာ စစ်အုပ်စု နှင့် နီးစပ်သည် ဦးကျော်ကျော်လှိုင်ဖြစ်ကြောင်း Justice For Myanmar က ထုတ်ဖော်ပြောဆိုထားသလို မင်းရဲသူစီမံကိန်း စာချုပ်ချုပ်သည့် အခမ်းအနား မှတ်တမ်း ဓာတ်ပုံများ၌လည်း ဦးကျော်ကျော်လှိုင် အားတွေ့ရသည်။
ဦးကျော်ကျော်လှိုင်သည် ၁၉၉၄ ခုနှစ် စစ်အာဏာရှင်လက်ထက် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းကို ဝန်ဆောင်မှုပေးရန် တည်ထောင်ခဲ့သည့် SMART Group of Companies ၏ ဒါရိုက်တာနှင့် ဥက္ကဋ္ဌလည်း ဖြစ်ကြောင်း JFM က ဆိုသည်။
မလေးရှားအစိုးရပိုင် Petronas က ပြုလုပ်နေသည့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင်လည်း အာဏာသိမ်းပြီးနောက် Petronas ကုမ္ပဏီ ထွက်ခွာသွားချိန်၌ GPM ကုမ္ပဏီက ဆက်ခံကာ ရဲတံခွန်လုပ်ကွက်ကို ဆက်လုပ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ မှတ်တမ်းများအရသိရသည်။
အာဏာသိမ်းမှုကြောင့် နိုင်ငံတကာရေနံကုမ္ပဏီကြီးများ ထွက်ခွာသွားပြီးနောက် ထိုင်းကုမ္ပဏီများက အစားထိုး ဝင်ရောက် လာပြီး မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းအများစုကို ထိုင်းကုမ္ပဏီများသာ ဦးဆောင်လုပ်ကိုင် နေကြသည်။
မြန်မာနိုင်ငံတွင် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန် စသည့် စီမံကိန်းကြီး လေးခု၊ ထပ်မံရှာဖွေတူးဖော်နေဆဲ ကမ်းလွန်စီမံကိန်းကြီး နှစ်ခု စုစုပေါင်း ကမ်းလွန်စီမံကိန်းကြီး ခြောက်ခုရှိပြီး ဖြစ်သည်။
ထို့ကြောင့် မင်းရဲသူစီမံကိန်းသည် ခုနစ်မြောက် ကမ်းလွန်စီမံကိန်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ပထမဦးဆုံး ဆောင်ရွက်ရန် စီစဥ်ခဲ့သည့် ကမ်းလွန်စီမံကိန်းလည်း ဖြစ်သည်။







