ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုကို APHR က အပြင်းထန်ဆုံး ရှုတ်ချ

December 11, 2025

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ အထွေထွေဆေးရုံကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) က အပြင်းထန်ဆုံး စကားလုံးများဖြင့် ရှုတ်ချလိုက်သည်။

မြောက်ဦးတိုက်ခိုက်မှုသည် လူ့အခွင့်အရေးကြေညာစာတမ်းကို ဂုဏ်ပြုရမည့်နေ့တွင် ကျူးလွန်ခဲ့သော မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း (APHR) က ဆိုသည်။

မြန်မာစစ်အုပ်စုသည် ရခိုင်ပြည်နယ်အနှံ့ရှိ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများအပါအဝင် အရပ်ဘက်အခြေခံအဆောက်အအုံများကို စနစ်တကျနီးပါး နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေကြောင်း APHR က ဖော်ပြ သည်။

“မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုဟာ ကာကွယ်အစောင့်ရှောက်ခံ အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်တယ်။ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ဒီလိုမျိုး ရက်စက်ယုတ်မာမှုမျိုးကို ကျူးလွန်တာက စစ်ကောင်စီအနေနဲ့ လူသားချင်းစာနာမှုကို လုံးဝဥပေက္ခာပြုထားတယ်ဆိုတာကို ပြသနေတယ်” ဟု APHR ၏ ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားလွှတ်တော်အမတ် Hon. Mercy Chriesty Barends က ပြောသည်။

မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၃၄ဦးအထိရှိလာပြီး ဒဏ်ရာရသူ ၇၀ ကျော်ရှိကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

“ဆေးရုံတွေကို ဘယ်သောအခါမှ ပစ်မှတ်ထားတိုက်ခိုက်တာ မလုပ်ရဘူး။ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို စစ်ကောင်စီက ရာဇဝတ်မှုမြောက်မြောက် ထည့်မတွက်တာက တာဝန်ခံဖို့ အပြည့်အဝလိုတယ်” ဟု မလေးရှား လွှတ်တော်အမတ်တစ်ဦးဖြစ်သူ APHR ဘုတ်အဖွဲ့ဝင် Hon. Wong Chen က ပြောကြားသည်။

ထိခိုက်သေဆုံးသူများတွင် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ လူနာများနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ပါဝင်နေကြောင်း ဖိလစ်ပိုင် လွှတ်တော်အမတ်ဟောင်းဖြစ်သူ APHR ဘုတ်အဖွဲ့ဝင် Hon. Arlene Brosas က ဆိုသည်။

“သူတို့ဟာ နိုင်ငံတကာဥပဒေအရ အကာအကွယ် အစောင့်အရှောက်ပေးရမယ့် အရပ်သားတွေ ဖြစ်တယ်။ အခု ကျွန်မတို့ မြင်နေရတာက ရက်စက်ယုတ်မာတာတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျလုပ်ဆောင်နေတာပဲ။ အာဆီယံအနေနဲ့ ရှေ့ဆက်ပြီး လျစ်လျူရှုနေလို့ မရနိုင်တော့ဘူး”ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်ပြီး APHR ဘုတ်အဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်သည့် Hon. Kasit Piromya ကလည်း မြန်မာစစ်အာဏာရှင်တပ်၏ နောက်ထပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဟန့်တားနိုင်စေရန် အာဆီယံအနေဖြင့် အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း ဆိုသည်။

“၂နှစ်အတွင်း ရခိုင်အရပ်သားပြည်သူ တစ်ထောင်ကျော် သတ်ဖြတ်ခံခဲ့ရတဲ့ ပမာဏဟာ မြန်မာပြည်သူတွေအပေါ် စစ်အုပ်စုရဲ့ ကြီးမားကျယ်ပြန်တဲ့ စစ်ဆင်ရေးကို ပြလိုက်တာပဲ” ဟု ၎င်းက ပြောသည်။

စစ်တွေ၊ ကျောက်ဖြူနှင့် မောင်တောအပါအဝင် ရခိုင်ပြည်နယ်အနှံ့တွင် အင်တာနက်နှင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရဆဲဖြစ်ပြီး သတင်းအချက်အလက် ရရှိမှုမှာလည်း ဆိုးရွားစွာ ကန့်သတ်ခံထားရကြောင်း APHR က ဖော်ပြသည်။

ယင်းအခြေအနေက မြန်မာစစ်အုပ်စုအနေဖြင့် အပြစ်ပေးခံရခြင်း မရှိဘဲ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ကျူးလွန်ခွင့်ရနေစေကြောင်း APHR က ဖော်ပြသည်။

မြန်မာစစ်အုပ်စုအနေဖြင့် အတုအယောင်ရွေးကောက်ပွဲမှုတစ်ဆင့် တရားဝင်မှု အတုဖန်တီးကာ ၎င်းတို့၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ကြိုးစားနေသော်လည်း နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် မြန်မာစစ်တပ်က မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုသည် ၎င်းတို့၏ ပိုမိုနက်ရှိုင်းလာသည့် ရက်စက်မှုကို ဖော်ပြလိုက်ကြောင်း APHR က ဖော်ပြသည်။

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ယူကေ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် အာဆီယံအနေဖြင့် မြောက်ဦးတိုက်ခိုက်မှုကို ဒေသတွင်းနှင့် နိုင်ငံတကာအရေးယူဆောင်ရွက်မှု လိုအပ်လျက်ရှိသည့် လက်ရှိဖြစ်ပွားနေသည့် မြန်မာစစ်တပ်၏ ရက်စက်ယုတ်မာမှုများ၏ တစ်စိတ်တပိုင်းအနေဖြင့် အသိအမှတ်ပြုရန် APHR က တိုက်တွန်းလိုက်သည်။

မြန်မာစစ်အုပ်စု၏ အတုအယောင် လိမ်လည်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို လုံးဝပယ်ချဆန့်ကျင်ရန်လည်း APHR က တိုက်တွန်းထားသည်။