သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်လမ်းဆုံတွင် ဒီဇင်ဘာလ ၁၀ ရက်က ဒေသခံ ၁၀ဦး ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် အဆိုပါလမ်းဆုံသို့ စစ်အာဏာရှင်တပ် ကားတစ်စင်းရောက်ရှိလာပြီး လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ယနေ့ ညနေ ၄နာရီခန့်တွင်လည်း စစ်အာဏာရှင်တပ် ကားတစ်စင်း ရောက်လာပြီး လမ်းဆုံးအနီးဝန်းကျင်ရှိ အမျိုးသား ခုနစ်ဦးကို ထပ်မံဖမ်းဆီးကြောင်း ၎င်းတို့က ပြောဆိုသည်။
“ပန်းတောလမ်းဆုံမှာက သိတဲ့အတိုင်းပဲ၊ ခြင်းခတ်သူခတ်၊ ကွမ်းယာဆိုင်မှာ ထိုင်သူထိုင်ပဲ၊ ဖမ်းခေါ်သွားတဲ့အထဲမှာ လူငယ်တွေရော လူလတ်ပိုင်းတွေရောပါတယ်။ မိန်းမက တစ်ယောက်ပါတယ်” ဟု သရက်ချောင်းမြို့ပေါ် ရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းအပြင် တီတွတ်ပြင်ရွာနှင့် အိမ်ရှေ့ပြင်ရွာက အမျိုးသားနှစ်ဦးလည်း ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ဆေးမေးမြန်းပြီးနောက် ည ၇ နာရီခန့်တွင် အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ရှစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများက ဆိုသည်။
“အမျိုးသမီးကိုတော့ ဒီနေ့ မနက်မှာ ပြန်ခေါ်ပြီးထပ်စစ်နေတယ်လို့ကြားတယ်။ အိမ်ရှေ့ပြင်ရွာက အမျိုးသား တစ်ဦးကတော့ မနေ့တည်းက လွတ်ရာမှာ ပါလား မပါလား သေချာမသိဘူး” ဟု သရက်ချောင်းမြို့ပေါ်ရပ်ကွက်နေသူ အမျိုးသားတစ်ဦးက ပြောသည်။
ဒေသခံ ၁၀ဦးကို စစ်အာဏာရှင်တပ်က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခေါ်ယူစစ်ဆေးခဲ့သည်ကို မသိရသေးပေ။
ယင်းသို့ ဖမ်းဆီးခံရမှုကြောင့် ဒေသခံများ အသွားအလာအနည်းငယ်ပါးသွားကြောင်း မြို့ခံအချို့က ပြောဆိုသည်။
ပန်းတောရပ်ကွက် သံတံတားတွင် ဂိတ်ချစစ်ဆေးနေသည့် စစ်အာဏာရှင်တပ်သား၊ ရဲနှင့် ပျူစောထီး(ပြည်သူ့စစ်)များသည် ခရီးသည်တင်ကားနှင့် ဆိုင်ကယ်များကို စစ်ဆေးမေးမြန်းခြင်း၊ ငွေတောင်းခြင်း၊ အချို့မှာ စစ်မှုထမ်းတပ်သားသစ် စုဆောင်းရန် အတွက် ဖမ်းဆီးခံရမှုများရှိကြောင်း ဒေသခံများနှင့် ကားသမားများထံမှ သိရသည်။







