မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ်သို့ လာသည့် စစ်အာဏာရှင်တပ် ရိက္ခာတင်ယာဥ်တန်းကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။
မြိတ်မှ လာသည့် စစ်အာဏာရှင်တပ် ယာဉ်ခုနစ်စီးပါ ယာဉ်တန်းကို ရမ်းဖိုရွာအနီး ပြည်ထောင်စုလမ်း၌ ယနေ့ ဒီဇင်ဘာလ ၁၁ရက် နံနက် ၁၀နာရီကျော်တွင် တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ပြီး လမ်းကင်းယူထားသည့် စစ်အာဏာရှင် တပ်သားများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူက ပြောသည်။
“မိုင်းဆွဲလိုက်တာ ကားနှစ်စီးတော့ ထိသွားတယ်။ (လူ) ထိခိုက်မှု မသိရသေးဘူး။ လမ်းကင်းတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်တယ်လို့ သိရတယ်” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။
မိုင်းဆွဲခံရပြီးနောက် ယာဉ်တန်းမှာ တနင်္သာရီမြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားကြောင်း ၎င်းက ပြောဆိုသည်။
ယင်းနောက် စစ်အာဏာရှင်တပ်ယာဥ်တန်းသည် မော်တုန်းရွာအခြေစိုက် ၃၀၆ အမြောက်တပ်သို့ ရောက်ရှိပြီး တပ်ရှေ့တွင် နှစ်စီးရပ်ပြီး ကျန် ငါးစီးသည် တနင်္သာရီမြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အမြောက်တပ်ရှေ့မှာ ရိက္ခာတွေ တပ်ထဲကို သယ်နေတာ တွေ့ရတယ်။ အနာရသူတချို့ကိုလည်း တွေ့ရတယ်။ ကားတွေက စစ်ကားတွေပဲ၊ အရောင်ပြောင်းထားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် ရမ်းဖိုရွာနှင့် ညောင်ပင်ကုန်းရွာရှိ စစ်အာဏာရှင်တပ်သားများသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေကြောင်း ၎င်းက ပြောဆိုသည်။
စစ်အာဏာရှင်တပ်က ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်မြှင့်လာနိုင်သဖြင့် မြိတ်-တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုလမ်းကို ဒီဇင်ဘာလ ၈ရက်မှစတင်ကာ ညပိုင်း ဖြတ်သန်းခွင့် ပိတ်ထားကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။







