လောင်းလုံးမြို့ နှင့် ကပ်လျက်ရှိသည့် ညင်းမော်ကျေးရွာအနီးတွင် ယနေ့ ဒီဇင်ဘာလ ၁၁ ရက် နံနက်ပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
လောင်းလုံးမြို့ အောက်ဘက်သို့ ယနေ့ နံနက်စောစောတွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဘက် တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။
“ကျွန်မတို့လည်း အခုပြန်ပြေးနေရပြန်ပြီ။ ဒီမနက်ပဲ ညင်းမော်ဘက်မှာ တိုက်ပွဲဖြစ်နေလို့” ဟု ညင်းမော်ရွာနှင့် ကပ်လျက်ရှိသည့် စစ်ပြဲရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းလူမျိုးများဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကလည် ယနေ့ နံနက် ၁၀ နာရီ ခန့်မှစ၍ လက်နက်များဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။
မွန်းလွဲ ၁နာရီကျော်တွင် စစ်အာဏာရှင်တပ်က ညင်းမော်ကျေးရွာအနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ စစ်သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
”လေယာဉ်ဗုံးကြဲတဲ့နေရာကနေ မီးခိုတွေတက်နေတာကို မြင်နေရတယ်။ မီးလောင်နေတာ ဖြစ်မယ်။ ဘယ်နေရာလဲဆိုတာတော့ တိတိကျကျပြောလို့ရမဘူး” ဟု တိုက်ပွဲဖြစ်ရာအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံအမျိုးသမီးအခြားတစ်ဦးကလည်း စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ကြောင်း ပြောဆိုသည်။
“လေယာဉ်နဲ့ ဗုံးကြဲနေတယ်။ ပစ်လည်းပစ်တယ်”ဟု ၎င်းက ပြောသည်။
ထိုကြောင့် ညင်းမော်ကျေးရွာအနီးရှိ အနည်းဆုံး ကျေးရွာသုံးရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းလူမျိုးများဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သည် ဒီဇင်ဘာ ၉ရက်နှင့် ၁၀ ရက် ညနေပိုင်းတို့တွင်လည်း လောင်းလုံးမြို့နယ်ဘက်သို့ လက်နက်ကြီးဖြင့် နှစ်ရက်ဆက်တိုက်ပစ်ခတ်ခဲ့ သေးသည်။
အဆိုပါ လက်နက်ကြီးများမှာ သဗျာကျေးရွာ နှင့် ဂေါ့အင်းကျေးရွာများသို့ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် နေအိမ်များထိခိုက်မှုမရှိ ခဲ့ကြပေ။
“ညက ရေချိုးနေတုန်းရှိသေးတယ်။ အိမ်နဲ့ တစ်ဖာလုံလောက်မှာ လက်နက်ကြီးလာကျတာ ဆီအုန်းနဲ့ ရွာစပ်ကို ကျတယ်ဆိုတော့ ထိခိုက်မှုမရှိဘူး” ဟု ဂေါ့အင်းရွာသားတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းတွင် ညင်းမော်ကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးရာတွင်လည်း တော်လှန်ရေးတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
ယင်းတိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်က အရပ်သား နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး နေအိမ် နှစ်ဆောင်ကိုလည်း မီးရှို့ ဖျက်ဆီးသလို နေအိမ်အချို့ကိုလည်း ဖောက်ထွင်းက တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်ခဲ့သည်။
ထို့နောက် နိုဝင်ဘာလလယ်ခန့်မှစ၍ ညင်းမော်ကျေးရွာဘုန်းကြီးကျောင်းတွင် စစ်အာဏာရှင်တပ်စစ်ကြောင်း တပ်စွဲခဲ့ပြီး ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက် နံနက်စောစောတွင် လောင်းလုံးမြို့ဘက်သိုပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ယနေ့တွင် စစ်ကြောင်းထပ်မံ ပြန်ထိုးသောကြောင့် တော်လှန်ရေးပူးပေါင်းတပ်တို့နှင့် တိုက်ပွဲ ထပ်ဖြစ်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။







