ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဗင်နီဇွဲလား ရေနံတင်သင်္ဘောကို အမေရိကန် ဖမ်းဆီးသိမ်းပိုက်

December 11, 2025

ဗင်နီဇွဲလားကမ်းရိုးတန်းအနီးရှိ ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်စစ်တပ်က ဒီဇင်ဘာလ ၁၀ ရက်တွင် ဖမ်းဆီးသိမ်းပိုက်လိုက်သည်။

ယင်းမှာ သမ္မတနီကိုလက်စ်မာဒူရို၏ ဗင်နီဇွဲလားအစိုးရအပေါ် ထရမ့်အစိုးရက ဖိအားပေးမှု သိသာကြီးမားစွာ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း The New York Times က ဖော်ပြသည်။

အဆိုပါ ဗင်နီဇွဲလားရေနံတင်သင်္ဘောမှာ အင်မတန်ကြီးမားသည့် ရေနံတင်သင်္ဘောတစ်စီး ဖြစ်သည်။

အခြားကိစ္စများလည်း ဖြစ်ပွားနေကြောင်းသာ သမ္မတထရမ့်က မသဲမကွဲ ပြောကြားခဲ့ပြီး နောက်ထပ်အသေးစိတ် အချက်အလက်များ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

သင်္ဘောပေါ်ရှိ ရေနံများနှင့် ပတ်သက်၍ မေးမြန်းမှုကို သမ္မတထရမ့်က “ကျွန်တော်တို့ အဲဒါကို ထိန်းသိမ်းထားလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်” ဟု ဖြေကြားခဲ့သည်။

“အင်မတန် ကောင်းမွန်တဲ့ အကြောင်းပြချက်တစ်ခုနဲ့ အဲဒါကို သိမ်းပိုက်ထိန်းသိမ်းလိုက်တာပါ” ဟု ထရမ့်က ဆိုသည်။

အဆိုပါ သင်္ဘောသည် ဗင်နီဇွဲလား ရေနံများကို သယ်ဆောင်လာကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိ သုံးဦးက ဆိုသည်။

အဆိုပါ သင်္ဘောအား ဖမ်းဆီးထိန်းသိမ်းသိမ်းပိုက်ရာတွင် သင်္ဘောသားများဘက်မှ ခုခံမှုမရှိခဲ့သလို လူအသေအပျောက် မရှိခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ဗင်နီဇွဲလားအစိုးရကမူ “မျက်နှာပြောင်တိုက် လုယက်မှုဖြစ်ပြီး နိုင်ငံတကာ ပင်လယ်ဓားပြလုပ်ရပ်” ဟု ထုတ်ပြန်ခဲ့သည်။

ဗင်နီဇွဲလားသမ္မတမာဒူရိုသည် အမေရိကန်ပြည်ထောင်စုသို့ မူးယစ်ဆေးဝါးများ တင်ပို့နေသည့် မူးယစ်အကြမ်းဖက် ဂိုဏ်းတစ်ခုကို ဦးဆောင်နေသည်ဟု ထရမ့်အစိုးရက စွပ်စွဲထားသည်။

ထရမ့်အစိုးရ၏ ရည်ရွယ်ချက်မှာ ဗင်နီဇွဲလားတွင် အစိုးရအပြောင်းအလဲဖြစ်ပေါ်ရေး ဖြစ်သည်ဟု လက်ရှိတာဝန် ထမ်းဆောင်ဆဲ အမေရိကန်အရာရှိများနှင့် အရာရှိဟောင်းအများအပြားက ဆိုကြောင်း The New York Times က ဖော်ပြသည်။

Source: The New York Times