ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဗင်နီဇွဲလား ဒီမိုကရေစီအတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာမာချာဒိုသည် တစ်နှစ်နီးပါး ပျောက်ကွယ်ပုန်းရှောင်နေရာမှ ယနေ့ ဒီဇင်ဘာ ၁၁ ရက်တွင် လူမြင်ကွင်းသို့ ပထမဆုံးအကြိမ် ပြန်ထွက်လာသည်။
ယနေ့ နံနက်အစောပိုင်းတွင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့ရှိ သူမ တည်းခိုရာ ဟိုတယ်၏ လသာဆောင်မှ နေ၍ သူမအား ထောက်ခံသူများအား မာချာဒိုက လက်ဝှေ့ယမ်းနုတ်ဆက်နေသည့် ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။
ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရို၏ အာဏာချုပ်ကိုင်မှုကို ဆန့်ကျင်အန်တုကာ ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့သည့် မာချာဒိုသည် ဗုဒ္ဓဟူးနေ့က နိုဘယ်ဆုချီးမြှင့်ပွဲအခမ်းအနားအတွက် နော်ဝေနိုင်ငံ၊ အော်စလိုမြို့သို့ အချိန်မီ မရောက်ရှိလာခဲ့ပေ။
ဗုဒ္ဓဟူးနေ့က ဆုပေးပွဲအခမ်းအနားတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို မာချာဒို၏ ကိုယ်စား သမီးဖြစ်သူ အန်နာကိုရီနာဆိုဆာမာချာဒိုက ဆုလက်ခံရယူကာ သူမကိုယ်စား မိန့်ခွန်းပြောကြားခဲ့သည်။
ဆုပေးပွဲအပြီး နာရီအနည်းငယ်နောက်ကျပြီးမှ အော်စလိုမြို့သို့ မာချာဒို ရောက်ရှိလာကာ သူမ၏ မိသားစုနှင့် ချက်ချင်း သွားရောက်တွေ့ဆုံခဲ့ကြောင်း နိုဘယ်ဆုကော်မတီဥက္ကဋ္ဌက ဆိုသည်။
သူမအနေဖြင့် နော်ဝေနိုင်ငံသို့ မည်သို့ မည်ပုံ ရောက်လာခဲ့သည် ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရပေ။
မာချာဒိုသည် သူမ တည်းခိုရာ ဟိုတယ်၏ လသာဆောင်မှ နေ၍ သူမအား ထောက်ခံအားပေးသည့် လူအုပ်ကြီးကို နှုတ်ဆက်ခဲ့သည်။
သူမအား ထောက်ခံသူများက သီချင်းများ သီဆိုကာ ‘liberated’ (လွတ်မြောက်မှု) ဟု ကြွေးကြော်အော်ဟစ်ခဲ့ကြသည်။
မာချာဒိုအား လူမြင်ကွင်းတွင် နောက်ဆုံးတွေ့ခဲ့ရသည်မှာ ဗင်နီဇွဲလားသမ္မတမာဒူရို၏ တတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲကို ဆန့်ကျင်ဆန္ဒပြသည့် ယခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က ဖြစ်သည်။
ဗင်နီဇွဲလားနိုင်ငံပြင်ပသို့ ထွက်ခွာပါက သူမအား ဝရမ်းပြေးအဖြစ် သတ်မှတ်မည်ဟု မာဒူရိုအစိုးရက ကြေညာထားသည်။
Source: AFP







