ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းရာသီ တောင်တက်သူများ စစ်ကောင်စီဂိတ်များကို သတိထားရန် ဒေသခံများဆို

December 11, 2025

ပုံစာ - တောမိုးတောင်ထိပ် ရှုခင်း (ပုံဟောင်း) ဓာတ်ပုံ - တောမိုးတောင်-တောင်ထိပ်ဘုရား ။

ယခုနှစ် ဆောင်းရာသီတွင် ထားဝယ်ဒေသရှိ တောမိုးတောင်နှင့် စပါးတောင်တို့တွင် အပျော်တောင်တက်သူများ ပြန်ရှိလာပြီး စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များကို သတိထားရန်လိုကြောင်း ဒေသခံများကပြောဆိုသည်။

” အဓိက ပြန်စည်နေတာက တောမိုးတောင်နဲ့ စပါးတောင်ပဲ။ အချို့ ညအိပ်ညနေတောင်လာကြတယ်။ ကျန်တဲ့တောင်တွေကသွားလို့ရတဲ့ အခြေအနေမှာမရှိဘူး။ အဓိက လာနေကြတာတော့ သူငယ်ချင်းအစုအဖွဲ့အလိုက် လာနေကြတာများတယ်။ အများအားဖြင့် ပိတ်ရက်တွေလာကြတယ်။ အရင်နှစ်တွေမလာကြဘူး” ဟု စပါးတောင်သွားသည့် လမ်းတွင် နေထိုင်သူတစ်ဦးကပြောပြသည်။

တောမိုးတောင်သည် လောင်းလုံးမြို့နယ်၊ တောရှည်ရွာတွင် တည်ရှိပြီး ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းကာသွားရသလို စပါးတောင်သည်လည်း ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာတွင် တည်ရှိပြီး ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းကာသွားရသည်။

အထက်ပါ ထားဝယ်မြို့အဝင် တံတားစစ်ဆေးရေးဂိတ် နှစ်ခုစလုံးတွင် စစ်မှုထမ်း အဓမ္မစုဆောင်းလေ့ရှိသဖြင့် တောင်တက်လာသူများအနေဖြင့် လုံခြုံရေးကို အထူးဂရုပြုသင့်ကြောင်း ဒေသခံတို့က သတိပေးပြောဆိုကြခြင်းဖြစ်သည်။

ကျောင်းများ ၊ တက္ကသိုလ်များ ၊ အသင်းအဖွဲ့များ အနေဖြင့် တောင်တက်အားကစားပြုလုပ်နိုင်ခြင်းမှာ မရှိသလောက်နည်းနေဆဲဖြစ်ကြောင်း ထားဝယ်ဒေသရှိ တက္ကသိုလ်ကျောင်းများမှ တောင်တက်ဝါသနာရှင်များ အသိုင်းအဝိုင်း ထံမှသိရသည်။

” တက္ကသိုလ် တွေအနေနဲ့ကတော့ မတက်ဖြစ်တာကြာပြီလေ။ လူ(ကျောင်းသား) လည်းမရှိဘူး။ အရမ်းနည်းတယ်။ အခုနှစ်လည်း မတက်ဖြစ်လောက်ဘူး။ မတက်တာတော့ ကိုဗစ်ကတည်းကပဲ ” ဟု တောမိုးတောင်ကို ကိုဗစ်မတိုင်မီက နှစ်စဥ်တက်လေ့ရှိသည့် ထားဝယ်တက္ကသိုလ်မှ ဝန်ထမ်း တစ်ဦးကပြောသည်။

ထားဝယ်ဒေသတွင် ဆောင်းရာသီရောက်တိုင်း တောင်တက်သူများလေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ တောင်များတည်ရှိရာဒေသများတွင် နယ်မြေမငြိမ်သက်မှုများကြောင့် တောင်လာတက်သူများ မရှိတော့ကြောင်း ဒေသခံတို့ကဆိုသည်။

တောမိုးတောင်နှင့် စပါးတောင်အပြင် ထားဝယ်အရှေ့တောဒေသရှိ ထင်းရှူးတောင် ၊ ကျောက်သေတ္တာတောင် ၊ လောင်းလုံးမြို့နယ် အင်းဝ(သဲပုံ)တောင် ၊ လက်ခတ်တောင် ၊ ကံပေါက်ဒေသရှိ ရေကန်တောင် ၊ နဘုလယ်ဒေသရှိ နွားလဘို့တောင် ၊ သရက်ချောင်းမြို့နယ်ရှိ ဖီးနော်တောင် တို့မှာ အာဏာမသိမ်းမီက ဆောင်းရာသီတွင် ညအိပ်ညနေတောင်တက်သူများဖြင့် စည်ကားလေ့ရှိကြသည်။

အဆိုပါတောင်များရှိရာ ဒေသအများစုသည် မကြာခဏစစ်ကြောင်းထိုးခြင်း ၊ တိုက်ပွဲများဖြစ်ခြင်းတို့ကြုံရလေ့ရှိသည့်အပြင် အချို့တောင်များပေါ်တွင်မူ စစ်အာဏာရှင်တပ်က အခိုင်အမာတပ်စခန်းဆောက်ကာ တပ်စွဲနေထိုင်သည်များလည်းရှိကြောင်း ဒေသခံတို့ကဆိုသည်။

မြိတ်တွင်လည်း ယခုနှစ်ဆောင်းရာသီတွင် မြို့အနီးတစ်ဝိုက် တောင်တန်းများတွင် ပိတ်ရက်များ၌ တိမ်ပင်လယ်လာကြည့်ကြသူများဖြင့် စည်ကားနေကြောင်း မြိတ်ဒေသခံများထံမှသိရသည်။