ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မောတောင်မြို့တွင် စစ်အာဏာရှင်တပ် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သဖြင့် ဒေသခံများထွက်ပြေး

November 11, 2025

ပုံစာ - ထိုင်းဘက်သို့ဆင်းပါက ဖြတ်ရသည့် စစ်အာဏာရှင်စစ်ဆေးရေးဂိတ် ပုံဟောင်း

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့တွင် စစ်အာဏာရှင်တပ်သားများက ရွာအနီးအနားရှိတောင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြကြောင်း ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၁၀ ရက် ည ၁၁နာရီဝန်းကျင်တွင် မောတောင်မြို့ရှိ စစ်အာဏာရှင်တပ်စခန်းက စခန်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိသည့် တောင်တန်းကို တစ်နာရီကျော်ကြာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်နေတယ်ထင်ပြီး ထိုင်းနယ်စပ်ဘက်ကို ညကြီး ထွက်ပြေးလာကြတယ်။ အလယ်ဂိတ် လမ်းဘေးမှာပဲ အိပ်လိုက် ကြတယ်။ နောက်မှ တစ်ဖက်တည်း ပစ်နေမှန်း သိရတယ်။ သူတို့ (စကစ) ဘက်က ကြောက်ပြီး ရမ်းသမ်း လိုက်ပစ်နေတယ် လို့ ထင်တယ်” ဟု ၎င်းက ပြောဆိုသည်။

အလယ်ဂိတ်သည် ထိုင်း-မြန်မာနယ်စပ်၏ နယ်ခြားဂိတ်တစ်ခု ဖြစ်သည်။

စစ်အာဏာရှင်တပ်က လက်နက်ကြီးအချက်ရေ ၃၀ကျော် ပစ်ခတ်ခဲ့ပြီး လက်နတ်ငယ်များလည်း တစ်နာရီခန့်ကြာ ပစ်ခတ်ခဲ့ကာ ည ၁၂နာရီခွဲဝန်းကျင်မှ ပစ်ခတ်မှုရပ်သွားကြောင်း ‌‌‌ဒေသခံ အခြားတစ်ဦးက ဆိုသည်။

မောတောင်မြို့အဝင်ဂိတ်ကို စစ်အာဏာရှင်တပ်က နိုဝင်ဘာလ ၁ရက်တွင် ပိတ်လိုက်သဖြင့် တိုက်ပွဲဖြစ်လျှင် ပိတ်မိမည်ကို စိုးရိမ်ကာ ဒေသခံ အများအပြား ကြိုတင်တိမ်းရှောင်ခဲ့ကြသည်။

နိုဝင်ဘာလ ၁၀ ရက်တွင် ပစ်ခတ်သံများ စတင်ထွက်ပေါ်လာသဖြင့် မြို့ထဲကျန်နေသည့် ဒေသခံများ ထပ်မံထွက်ပြေး တိမ်းရှောင်ကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဘယ်လောက်ပြောင်းလာတော့ အရေအတွက် မသိရသေးဘူး။ တောင်ခြေက မြေကြီးပါလာတုန်နေလို့ တောင်ခြေက သူတွေလည်း ညက နေရာပြောင်းအိပ်ကြလို့ သိရတယ်။ အခုကထွက်ပြေးလာရွာသားတွေ အလယ်ဂိတ်မှာ နေနေကြဆဲ”ဟု အထက်ပါ ဒေသခံက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၁ရက် နေ့လယ် ၁၂နာရီဝန်းကျင်တွင် အလယ်ဂိတ်တွင်ရှိသည့် ရွာသားများသည် မောတောင်မြို့ရှိ နေအိမ်သို့ပြန်သွားကြကြောင်း ဒေသခံများထံမှ သိရသည်။

မောတောင်မြို့မှာ ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင်နှင့်ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ကာ စစ်အာဏာရှင်တပ်စခန်းတစ်ခုရှိပြီး ပျူစောထီးများကိုလည်း လက်နက်တပ်ဆင်ထားသည်။

ပုံစာ – ထိုင်းဘက်သို့ဆင်းပါက ဖြတ်ရသည့် စစ်အာဏာရှင်စစ်ဆေးရေးဂိတ် ပုံဟောင်း