ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းစစ်သားများ နယ်စပ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ကမ္ဘောဒီးယားနှင့် အပစ်ရပ်ထားမှု ထိုင်းဘက်က ဆိုင်းငံ့

November 11, 2025

ပုံစာ - အောက်တိုဘာလ ၂၅ ရက်နေ့ ပြုလုပ်သော အာဆီယံအစည်းအဝေးအတွင်း ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံခေါင်းဆောင်များက အပစ်ရပ်ရေး သဘောတူစာချုပ်လက်မှတ်ထိုးခဲ့စဉ်။

နယ်စပ်ဒေသတွင် ထိုင်းစစ်သားများ မြေမြှုပ်မိုင်းထိပြီးနောက် ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ်သဘောတူညီချက်ကို ဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့က ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ကြေညာသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က ထိုင်း-ကမ္ဘောဒီးယားနယ်စပ် စီစကက်ဒေသတွင် ထိုင်းစစ်သားများ ကင်းလှည့်နေရင်း မြေမြှုပ်မိုင်းထိပြီး စစ်သားနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိထားသော စစ်သားများကို ရဟတ်ယာဉ်ဖြင့် ဥဘွန်းရတ်ချဌာနီရှိ ဆေးရုံများကို အရေးပေါ်ပို့ဆောင်ခဲ့ရသည်။

ယင်းဖြစ်ရပ်ဖြစ်ပြီးနောက် နာရီပိုင်းအကြာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက အာဆီယံတွင် လက်မှတ်ရေးထိုးခဲ့သော အပစ်ရပ်စာချုပ်နှင့် ပတ်သက်၍ လုပ်ဆောင်မှုအားလုံးကို ဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်း မဲဆောက်ခရီးစဉ်အတွင်း သတင်းစာရှင်းလင်းပွဲတွင် ကြေညာလိုက်ခြင်းဖြစ်သည်။

ယခင် နှစ်နိုင်ငံ ပဋိပက္ခကာလအတွင်းက ဖမ်းမိထားသော ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ပြန်လွှဲပေးရန် စီစဉ်ထားမှုကိုလည်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ကြေညာသည်။

ယခုမြေမြှုပ်မိုင်းများသည် နှစ်နိုင်ငံ အပစ်ရပ် သဘောတူလက်မှတ်ထိုးပြီး နောက်ပိုင်းတွင်မှ အသစ်ထောင်ထားသော မြေမြှုပ်မိုင်းများဖြစ်ကြောင်း ထိုင်းတပ်မတော်ဘက်က ကြေညာထားသည်။

ထိုင်းဘက်က အပစ်ရပ်သဘောတူညီချက် ဆိုင်းငံ့မှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း၊ ထိုင်းဘက်က ဖမ်းဆီးထားသော စစ်သားများကို အမြန်ပြန်လွှတ်ပေးရန် ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ပြောဆိုခဲ့ပြီး မြေမြှုပ်မိုင်းနှင့် ပက်သက်၍ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။

ပြီးခဲ့သော ဇူလိုင်လက ထိုင်း-ကမ္ဘောဒီးယား အပြန်အလှန်ပစ်ခတ်မှုများကြောင့် နှစ်နိုင်ငံအတွင်း သေဆုံးသူအရေအတွက် ၃၀ ကျော်အထိ ရှိခဲ့သည်။

ထို့နောက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ အောက်တိုဘာလ ၂၅ ရက်နေ့ ပြုလုပ်သော အာဆီယံအစည်းအဝေးအတွင်း အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ရှေ့တွင် ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံခေါင်းဆောင်များက အပစ်ရပ်ရေး သဘောတူစာချုပ်တွင် လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

Ref: Khaosod, Thai Enquirer