မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စုရှိ ကျေးရွာကိုးရွာတွင် စစ်မှုထမ်းကြေးဟုဆိုကာ လစဉ်ငွေ သုံးသောင်းခွဲကျပ် ကောက်ခံနေသဖြင့် အခက်တွေ့နေကြကြောင်း ဒေသခံများက ပြောဆိုသည်။
ငွေကြေးမရှိသော်လည်း ချေးငှားပြီး ထည့်နေရသဖြင့် ပို၍ ကျပ်တည်းလာကြောင်း ၎င်းတို့က ဆိုသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး စစ်ကော်မရှင်ခန့် ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများက စစ်မှုထမ်းအတွက်ဟုဆိုကာ ငွေကြေးကောက်ခံနေသည့်အတွက် ဒေသခံပြည်သူများ ပိုမိုကျပ်တည်းလာကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
အဆိုပါကျေးရွာများတွင် ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများက လတစ်လ၏ အစဖြစ်သည့် လစဉ် ၁ရက်နှင့် ၂ရက်တို့တွင် တစ်အိမ်လျှင် ငွေကျပ် ၃၅၀၀၀ ကောက်ခံနေကြောင်း ၎င်းက ဆိုသည်။
“စားဖို့ မရှိချင်နေ အဲဒီဟာကို အရင်ပေးနေရတယ်။ ကြောက်နေရတယ်လေ။ အိမ်မှာ သူတို့လာကောက်လို့ လူမရှိတဲ့ အချိန်ဆို နောက်လမှာ ပေါင်းပြီးကောက်တယ်” ဟု အထက်ပါအမျိုးသမီက ပြောသည်။
စစ်မှုထမ်းကြေး လစဥ် မပေးပါက အိမ်တွင်ရှိသည့် အမျိုးသားများကို စစ်မှုထမ်းရန်ထည့်မည်ဟု ခြိမ်းခြောက်သဖြင့် ထည့်ဝင်နေရကြောင်း ဒေသခံ အမျိုးသမီးအခြားတစ်ဦးက ပြောဆိုသည်။
“သူတို့က အကြွေးတောင်းသလိုပဲ လာတောင်းနေတယ်။ မုဆိုးမ အိမ်တွေလည်း ထည့်ရတယ်။ အိမ်မှာ ယောင်္ကျား မရှိတဲ့ အိမ်လည်းပေးရတယ်” ဟု ၎င်းက ဆိုသည်။
စစ်မှုထမ်းကြေးဟုဆိုပြီး ကောက်ခံသည့် ငွေကြေးကို ရွာရှိ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကျေးစာရေးနှင့် ရဲများက လူအစားထိုးဝယ်ရန်ဟု ပြောဆိုကာ လိုက်လံကောက်နေခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် တစ်ခါတစ်ရံ ပျူစောထီးများကို လစာပေးရန်အတွက်ဟုဆိုကာ ငွေကျပ်သုံးထောင်ကို ပိုမိုကောက်ခံသေး ကြောင်း ၎င်းက ဆိုသည်။
အင်္ဂမော်ကျေးရွာအုပ်စုတွင် တက်လက်ငယ်၊ ကန်သာယာ၊ ဒလရှောင်နှင့် ပိန္နဲတောင်ရွာအပါအဝင် ကျေးရွာ ကိုးရွာရှိကြောင်း ဒေသခံများထံမှ သိရသည်။