ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်တွင် ရပ်ကျေးထောက်ခံစာပါမှ လေယာဉ်စီးခွင့်ရမည်ဟု ကန့်သတ်

October 11, 2025

မြိတ်မြို့မှ တိုင်းပြင်ပသို့ လေယာဉ်စီးမည့် ခရီးသည်များအနေဖြင့် စစ်ကော်မရှင်ခန့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၏ ထောက်ခံစာပါမှ လေယာဉ်စီးခွင့်ရမည်ဟု ကန့်သတ်ထားကြောင့် လေယာဉ်လက်မှတ်အရောင်းဌာနအချို့နှင့် ခရီးသွားအချို့ထံမှ သိရသည်။

အောက်တိုဘာလ ၉ ရက်ကစတင်ပြီး ယင်းကဲ့သို့ ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း မြိတ်မြို့ရှိ လေယာဉ်လက်မှတ် အရောင်းဌာနအချို့ထံမှ သိရသည်။

ထိုသို့ ကန့်သတ်လိုက်သည့်အတွက် မြိတ်မြို့မှ ထွက်ခွာမည့် မည်သည့်ခရီးစဉ်မဆို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာလိုအပ်ကြောင်း မြိတ်မြို့ရှိ လေယာဉ်လက်မှတ်အရောင်းဌာန အရောင်းဝန်ထမ်းတစ်ဦးက ဆိုသည်။

“မြိတ်က အထွက်ဆို ရပ်ကွက်ထောက်ခံစာ လိုတယ်။ မြိတ်အဝင်ဆို ၆/(တနင်္သာရီတိုင်းမှတ်ပုံတင်) မဟုတ်ရင် ထောက်ခံစာ လိုတယ်ရှင့်။‌ စည်းမျဉ်းကန့်သတ်ချက်အတိုင်းပါပဲ။ ကျွန်မတို့လည်း သေချာမသိပါဘူး။ ဒါပေမဲ့ အခု‌နောက်ပိုင်း ထောက်ခံချက်ပါမှ လေကြောင်းခရီးစဉ်သွားလို့ရပါမယ်ရှင့်”ဟု ၎င်းက ပြောသည်။

အခြားဒေသမှ မြိတ်မြို့သို့ လာရောက်မည့်ခရီးများလည်း တနင်္သာရီတိုင်း (၆/) မှတ်ပုံတင်ကလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်ရှိ နေထိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးထောက်ခံချက် လိုအပ်ကြောင်း အထက်ပါ အရောင်းဝန်ထမ်းက ပြောဆိုသည်။

တနင်္သာရီတိုင်းအတွင်း လေယာဉ်ကွင်းရှိသည့် ကော့သောင်းမြို့ နှင့် ထားဝယ်မြို့တွင်မူ ‌လေကြောင်းခရီးစဉ်အတွက် ရပ်ကျေးထောက်ခံစာ လိုအပ်သည်ဟု မကြားရသေးကြောင်း မြို့ခံအချို့က ပြောသည်။

“မကြားစဖူးကြားနေရတယ်ကွယ်။ လေယာဉ်စီးတာတောင်မှ ရပ်ကွက်ထောက်ခံစာ လိုသေးတယ်တဲ့။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေတော့ သူဌေးဖြစ်ကုန်တော့မယ်။ ကားလမ်းနဲ့ ခရီးသွားတုန်းကတော့ လိုရမယ်ရ ထောက်ခံစာလုပ်ဖူးတယ်။ ရက်တိကျမှရတယ်။ ဒီနေ့သွားရင် ဒီနေ့ရက်စွဲမှရတယ်” ဟု မြိတ်မြို့နေ မြို့ခံတစ်ဦးက ပြောသည်။

မြိတ်မြို့ရှိ ရပ်ကွက်ရုံးများတွင် ပြုလုပ်ရသည့်ထောက်ခံတစ်စောင်လျှင် ငွေကျပ် သုံးထောင် မှ ကျပ်ငါးထောင်အထိ ပေးနေရကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။