ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ မင်းသားရွာတွင် စစ်မှုထမ်း မဲပေါက်သူများကို ပျူစောထီးများက ငွေညှစ်နေကြောင်း ဒေသခံများနှင့် ယင်းကျေးရွာပတ်ဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်သည့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
စစ်မှုမထမ်းလိုက ငွေကျပ်သုံးသိန်းစီပေးရမည်ဟု မင်းသားရွာမှ ပြည်သူ့စစ် (ခေါ်) ပျူစောထီးအဖွဲ့က ငွေတောင်းခံကြောင်း ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) တပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။
“ရွာသားတွေအပေါ် ငွေညှစ်တဲ့ နည်းလမ်းတစ်မျိုးပေါ့။ အခု စုံစမ်းရသလောက် ငွေပေးထားတာ ငါးယောက်ရှိပြီ” ဟု ၎င်းက ပြောဆိုသည်။
ယခင်က မင်းသားစုအုပ်စုတွင် စစ်မှုထမ်းစုဆောင်းခြင်း မရှိသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလတွင် စစ်မှုထမ်းရန် မဲပေါက်ပြီး စာရင်းကျလာသည်ဟုဆိုကာ စစ်မှုထမ်းဆင့်ခေါ်မှုမျိုး ရှိကြောင်း မင်းသားကျေးရွာအုပ်စုမှ ဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။
“မင်းသားက အစကတည်းက ပြည်သူ့စစ်အားကောင်းတော့ စစ်မှုထမ်း ခေါ်တာမျိုးတွေ မရှိဘူးလေ။ ပြီးခဲ့တဲ့လကတော့ မဲပေါက်တယ်ဆိုပြီး စာရင်းကျလာလို့ ငွေနဲ့လိုက်ရှင်းရတယ်။ မင်းသားအုပ်စုမှာက မင်းသားတစ်ရွာပဲ ရွာထဲလူနေလို့ ရတယ်။ ပတ်ဝန်းကျင်ရွာတွေက ရွာသားအများစုက ပျူစောထီး ကြောက်လို့ပြေးနေကြတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ်၏ မောရဝတီရေတပ်စခန်းဌာနချုပ် လက်အောက်ခံ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်းရှိသည့် ကံပေါက်တိုက်နယ်၊ သင်္ကန်းတောရွာတွင်မူ ၂၀၂၄ နှစ်ဆန်းပိုင်းက အသက် ၃၅ နှစ်အထက် အမျိုးသားငါးဦး၏ အမည်စာရင်းဖြင့် စစ်မှုထမ်း ဆင့်ခေါ်စာပို့ခံရသဖြင့် ငွေဖြင့် ဖြေရှင်းခဲ့ရကြောင်း ဖြစ်စဥ်အားသိရှိသည့် ဒေသခံအမျိုးသမီး တစ်ဦးက ပြောဆိုသည်။
အဆိုပါ ရေတပ်လေကျင့်ရေးသင်တန်းကျောင်းတွင် ကံပေါက်နယ်ခံ မဟုတ်သည့် အခြားဒေသမှ တပ်သားသစ်အချို့ စစ်သင်တန်း ပေးနေခြင်းရှိကြောင်း မောရဝတီရေတပ်နှင့် နီးစပ်သည့် ဒေသခံသတင်းရင်းမြစ်က ဆိုသည်။
“ရန်ကုန်မှာ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်က လူပျောက်သွားတဲ့ ကံပေါက်နယ်ခံနဲ့ ဆွေမျိုးတော်တဲ့ ကောင်လေးတစ်ယောက်က အဲဒီရေတပ်သင်တန်းကျောင်းရောက်နေတယ်ဆိုပြီး ရေတပ်က ဗိုလ်ကတော်ကတစ်ဆင့် သူ့အမျိုးဆီ တစ်နှစ်လောက်ကြာမှ ဆက်သွယ်လာတာမျိုး တစ်ခါရှိတယ်” ဟု ၎င်းက ပြောဆိုသည်။
စစ်အာဏာရှင်တပ်သည် ကံပေါက်တိုက်နယ် တွင် ဖောင်းတော၊ မော်ကြီး၊ သဲချောင်း၊ မင်းသား စသည့်ကျေးရွာများတွင်လည်း ပျူစောထီးများ ခန့်အပ်ကာ လက်နက်တပ်ဆင်ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။