အာဏာသိမ်းပြီးနောက်ပိုင်း ပွစာကြဲနေသည့် သတ္တုလုပ်ကွက်များက တနင်္သာရီတိုင်းအတွင်း နေရာအနှံ့၊ မြို့နယ်အနှံ့တွင် ရှိလာသည်။
တနင်္သာရီတိုင်းတွင် ခဲမဖြူ ၊အဖြိုက်နက် ၊ရွှေ၊ သံ စသည့် သတ္တုမျိုးစုံထွက်သည့်အတွက် ခဲသတ္တုလုပ်ကွက်များက အာဏာမသိမ်းမီကတည်းက ရှိခဲ့သော်လည်း လက်ရှိအချိန်ကဲ့သို့ ပရမ်းပတာမဖြစ်လှပေ။
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ဖြစ်နေသည့်အချိန် အုပ်ချုပ်ရေးပါဝါလေဟာနယ်ဖြစ်လာသည့်အတွက် စစ်အာဏာရှင်တပ် ထိန်းချုပ်နေရာအပြင် တော်လှန်ရေးတပ်ထိန်းချုပ်နယ်မြေများတွင်လည်း ခဲတ္တုလုပ်ကွက်များက လက်ညှိုးထိုးမလွဲဖြစ်လာသည်။
ထို့အပြင် စစ်ကော်မရှင်၏ ဖိနှိပ်ကန့်သတ်မှုများကြောင့် စီးပွားရေးလုပ်ရ ခက်ခဲကျပ်တည်းလာသည့် လုပ်ငန်းရှင်အချို့က အလွယ်တကူငွေရနိုင်သည့် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရောင်းချသည့်ဖက်ကို ပိုမိုအားသန်လာကြသည်။
တူးဖော်ထွက်ရှိလာသည့် သတ္တုများကိုလည်း နယ်စပ်ထွက်ပေါက်များမှတစ်ဆင့် ထိုင်းနိုင်ငံသို့ အလုံးအရင်း တင်သွင်းနေကြသည့်အတွက် ခဲသတ္တုဈေးကလည်း မြောက်နေသည်။ ပျမ်းမျှအားဖြင့် အတိုင်းအတာတစ်ခုအထိ သန့်စင်ထားသည့်ခဲတ္တုတစ်ပိဿာလျှင် ကျပ်တစ်သိန်းခွဲဝန်းကျင်ဈေးပေါက်နေသည်။
ထိုအခြေအနေတွင် ခဲလုပ်ငန်းရှင်များကလည်း သတ္တုထွက်ရှိသည့် မြေယာဥယျာဉ်ခြံများကို ဈေးကောင်းပေးဝယ်နေရာ ဒေသခံများက ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းထက် ငွေရလွယ်ပြီး ပမာဏအများအပြားပိုရသည့်အတွက် ရောင်းချလိုက်ကြသည်။
မြေပိုင်ရှင်ဒေသခံများက မြေဈေးကောင်းရသဖြင့် သတ္တုလုပ်ငန်းရှင်များကို ရောင်းချလိုက်ရသူများရှိသလို စစ်ကော်မရှင်လက်အောက်ခံအဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များ၏ ဖိအားပေးမှု၊ ပတ်ဝန်းကျင်ခြံများတွင် ခဲတူးနေသဖြင့် ဆက်လက်စိုက်ပျိုးရန် မဖြစ်နိုင်တော့သည့် အခြေအနေများကြောင့် မဖြစ်မနေ ရောင်းလိုက်ရသူ များလည်းရှိသည်။
လုပ်ငန်းရှင်များက ထိုဥယျာဉ်ခြံများကို ခဲသတ္တုတူးဖော်ရန်အတွက်သာ ဝယ်ယူကြခြင်းဖြစ်ပြီး ခဲသတ္တုကုန်သွားပါက ရောင်းချခဲ့သည့် မြေပိုင်ရှင်ကို ပြန်ပေးခဲ့သူများလည်းရှိသည်။
သို့သော်လုပ်ငန်းရှင်များက ခဲသတ္တုတူးဖော်ရာတွင် အဖွင့်စနစ်ဟု ခေါ်သည့် မြေယာ၊တောတောင်များကို ဟင်းလင်းဖွင့်တူးဖော်ကြသည့်အတွက် မြေပြန်ပေးချိန်တွင် တွင်းကြီးများ၊ချိုင့်ခွက်ကြီးများဖြစ်နေပြီဖြစ်သည်။
ထို့အပြင် တောတောင်နှင့် ဥယျာဉ်ခြံမြေများမှာ ဂေဟစနစ်ပျက်ယွင်းသွားပြီး စိုက်ပျိုးလုပ်ကိုင်စားသောက်ရန် မဖြစ်နိုင်တော့သော မြေတွင်းကြီးများ၊ မြေစာပုံများဖြင့် ပရပွဖြစ်ကုန်သည်။
ပိုဆိုးသည်က သတ္တုလုပ်ငန်းများက လူနေအိမ်များအနီးအထိ ရောက်လာပြီး ရေတွင်း ၊ ရေကန် ခန်းခြောက်ခြင်း ၊ ချောင်းများပျက်စီးပြီး ကောသွားခြင်း၊ သားငါးရှားပါးခြင်း၊ မြေပြိုခြင်းများ ကြုံနေကြရသည်။
သတ္တုလုပ်ငန်းအတွက် ဥယျာဉ်ခြံရောင်းချခဲ့သည့် ဒေသခံမြေပိုင်ရှင်များမှာ နေ့စဥ် ရွေဥတစ်လုံး ပုံမှန်ဥပေးနေသည့် ငန်းကို သတ်လိုက်မိသည့် ပုံပြင်ထဲကသူလို အဖြစ်မျိုးကြုံနေကြရပြီဖြစ်သည်။
ငန်းသတ်သူများမှာ ရွှေဥဆုံးရှုံးသွားသည်မျိုးသာရှိသော်လည်း ယခုမူ ပုံမှန်ထွန်ယက်စိုက်ပျိုးနိုင်သည့် မြေနေရာ ဆုံးရှုံးရသလို ရေကြီး၊မြေပြိုမည့် အန္တရာယ်ကိုလည်း ရင်ဆိုင်နေကြရသည်။
ဥယျာဉ်ခြံများအတွင်း သီးပင်စားပင်များအစား ပရမ်းပတာသတ္တုလုပ်ငန်းများကြောင့် ပွစာကြဲကျန်ခဲ့သည့် တွင်းကြီး၊ ချိုင့်ခွက်ကြီးနှင့် မြေစာပုံကြီးများက နေရာယူထားသည့်အခင်းအကျင်းတွင် နောင်တရနေသည့် မြေရှင် ၊ ဥယျာဉ်ခြံရှင်များကို ဆက်သွယ်မေးမြန်းပြီး တနင်္သာရီပုံရိပ် အစီအစဥ်အဖြစ် စုစည်းဖော်ပြလိုက်သည်။
“ခဲတူးပြီးရင် အဲဒီမြေက ဘာမှစိုက်လို့မှမရတော့တာ။ ကိုယ့်ဘာသာကိုယ်( စိုက်ပျိုးစားသောက်မယ်) ဆိုရင်တော့ ကိုယ့်တစ်ဘဝလုံးစားလို့ရတယ် “
ထားဝယ်အရှေ့တော ဒေသခံတစ်ဦး
DW ။ ထားဝယ်အရှေ့တောဒေသမှာ ခဲသတ္တုတူးဖို့ဆိုပြီး လုပ်ငန်းရှင်တွေက ဥယျာဉ်ခြံတွေ လိုက်ဝယ်နေကြတယ်လို့ ကြားရတယ်။ ဘယ်လိုမျိုးဝယ်နေကြတာလဲဆိုတာ အရင်ဆုံးပြောပြပေးပါ။
ဖြေ ။ ဝယ်နေ၊ရောင်းနေတာကြာပြီ။ ဥယျာဉ်ခြံတွေအကုန်ရောင်းထားကြတာ။ လုပ်ငန်းရှင်တွေက တိုက်ရိုက်လာဝယ် တာလည်းရှိသလို ပွဲစားတွေကနေဝယ်ကြတာလည်းရှိတယ်။ တချို့ပွဲစားတွေနဲ့ရောင်းတာကပိုများတယ်။ ပွဲစားကလည်းအမျိုးမျိုးရှိတယ်။ တချို့က ခြံအရောင်းအဝယ်အတွက်ပဲ လုပ်ပေးတယ်။ ခဲတူးဖို့ညှိနှိုင်းပေးတာတွေ မလုပ်ဘူး။ တချို့ကတော့ ခဲတူးဖို့ရတဲ့အထိ ညှိနှိုင်းပေးကြတယ်။
DW ။ ခြံရှင်တွေက ဘာလို့ရောင်းကြတာလဲ။ ဥပမာ စားဝတ်နေရေးကြောင့်လား ဒါမှမဟုတ် တိုက်ပွဲတွေအမြဲဖြစ်နေလို့ လုပ်ကိုင်စားလို့မရတော့လို့လား။ ဘာကြောင့်ရောင်းကြတာလဲ။
ဖြေ ။ တိုက်ပွဲတွေကြောင့်လည်းပါတယ်။ ပြီးတော့ ဈေးကောင်းရတာလည်းပါတယ်။ တစ်ဧကလောက်ကိုမှ (ကျပ်) သိန်းလေးငါးရာရကြတာဆိုတော့ အဲဒီပိုက်ဆံကိုမက်ပြီးရောင်းကြတာပေါ့။ ကိုယ်လည်းလုပ်စားလို့မရ ပစ်ထားရမယ့်အတူတူ ဈေးကောင်းရတော့ ရောင်းလိုက်ကြတာများတယ်။ အရင်ကဆိုရင်ဗျာ တစ်ဧကကို (ကျပ်သိန်း) လေးငါးခြောက်ဆယ်လောက်ပဲတန်တဲ့ ခြံတစ်ခြံကို (ကျပ်)သိန်းသုံးလေးရာပေးဝယ်တော့ ရောင်းကြတာပေါ့။ ရွာသားတွေက အဲဒီပိုက်ဆံသိန်းလေးငါးရာဆိုတာ သူတို့မကိုင်ဖူးဘူးလေ။ လောဘတက်ကြတာပေါ့ဗျာ။
DW ။ မရောင်းဘဲနဲ့ ကိုယ့်ခြံပဲ ကိုယ်လုပ်ကိုင်စားသောက်မယ်ဆိုတဲ့သူ မရှိကြတော့ဘူးလား။
ဖြေ ။ ကျွန်တော်တို့နားမှာတော့ အဲလိုမျိုးသိပ်မရှိဘူး။ ရောင်းမယ့်သူကများတယ်။ သူ့ခြံဝယ်ပါ ငါ့ခြံဝယ်ပါဆိုပြီးကို ဖြစ်နေကြတာ။ ပွဲစားတွေကို လိုက်အပ်ထားကြတာ။ ပွဲစားတွေက ဝယ်မယ့်လုပ်ငန်းရှင်ကိုရှာပြီး ချိတ်ပေးကြတာ။
DW ။ အဲဒီလို ခဲတူးဖို့အတွက် ဥယျာဉ်ခြံတွေရောင်းနေ၊ ဝယ်နေကြတဲ့အပေါ် ဒေသခံတစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ ။ ကျွန်တော်တို့နားကလူတွေက အသိပညာအားနည်းကြတယ်ဗျ။ ပညာတတ်တွေရှားတယ်။ သဘာဝပတ်ဝန်းကျင်ဆိုတာတွေလည်း နားမလည်ကြဘူး။ ပိုက်ဆံလေး (ကျပ်သိန်း) သုံးလေးရာကိုပဲ မြင်ကြတယ်။ အခုခေတ်ကုန်ဈေးနှုန်းနဲ့ အဲဒီပိုက်ဆံ(ကျပ်သိန်း) သုံးလေးရာက ဘယ်လောက်မှသုံးလို့ခံမှာမဟုတ်ဘူး ဆိုတာလည်း မစဉ်းစားကြဘူး။ အဲဒီပိုက်ဆံတွေမရဖူးတော့ ပျော်နေကြတာပေါ့ဗျာ။ ခဲတူးတဲ့သူတွေကလည်း သူတို့ရဖို့ကိုပဲ ကြည့်တယ်။ သဘာဝပတ်ဝန်းကျင်တွေလည်း ဂရုမစိုက်ကြဘူး။
DW ။ ခဲတူးဖို့ရောင်းလိုက်တာနဲ့ ကိုယ်ခြံကိုယ်စိုက်စားတာနဲ့ ဘယ်ဟာကပိုပြီး သင့်တော်မယ်ထင်လဲ။
ဖြေ ။ ရောင်းလိုက်တာက တစ်ခါပဲစားရမှာလေ။ ခဲတူးပြီးရင် အဲဒီမြေက ဘာမှစိုက်လို့မှမရတော့တာ။ ကိုယ့်ဘာသာကိုယ်( စိုက်ပျိုးစားသောက်မယ်) ဆိုရင်တော့ ကိုယ့်တစ်ဘဝလုံးစားလို့ရတယ်။ ကိုယ်သေရင်တောင်မှ သားသမီးတွေ(အတွက်) ချန်ခဲ့လို့ရတာပေါ့။ အခုက ကျွန်တော်တို့ကျောင်းမှာသင်ခဲ့ရသလိုမျိုး ငန်းကိုသတ်ပြီး ရွှေဥရှာသလိုမျိုးနဲ့အတူတူပဲ။
DW ။ အဲဒီဒေသမှရှိတဲ့ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကရော ဒီလိုခဲတူးနေကြတဲ့အပေါ် တစ်စုံတရာပြောတာ၊ တားတာမျိုးမရှိဘူးလား။
ဖြေ ။ သူတို့ကိုပဲ ပိုက်ဆံပေးပြီးလုပ်နေကြတာလေ။ သူတို့ဆိုတာက ….. (ဒေသအာဏာပိုင်/လက်နက်ကိုင်အဖွဲ့) ပေါ့။ သူတို့နဲ့ပဲ ညှိပြီးလုပ်နေကြတာ။ အထက်ကလူကြီးတွေ သိလားမသိလားတော့ မသိဘူး။
DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။
ဖြေ ။ ခဲမိုင်းတွေနဲ့ပတ်သတ်ပြီး တာဝန်ရှိတဲ့သူတွေက တစ်ခုခုတော့လုပ်သင့်တယ်လို့ထင်တယ်။ ဒီအတိုင်းလွှတ်ထားပေးရင်တော့ ဘာမှကျန်တော့မှမဟုတ်ဘူး။
DW ။ ကျေးဇူးတင်ပါတယ်။
“မြေပြင်ပြန်ညီအောင်လုပ်ဖို့လွယ်မှမလွယ်တော့တာ မြေလွှာတွေပျက်စီးကုန်တာပေါ့။တောင်ပေါ်လည်းဖြစ်တော့ မိုးရွာရင်အန္တရာယ်များတယ်။မြေပြိုမှာကြောက်ရတယ်”
အသက် (၄၀)ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး၊ မနိုးရုံးကျေးရွာအုပ်စု၊ ဘုတ်ပြင်းမြို့နယ်
DW ။ သတ္တုမတူးခင် ဥယျာဉ်၊ခြံတွေမှာ ဘာတွေစိုက်ပျိုးထားလဲရှင်။သီးနှံထွက်နှုန်းနဲ့ ဝင်ငွေရောကောင်းလားရှင်။
ဖြေ ။ သတ္တုမတူးခင်က အဲဒီမြေနေရာကကွမ်းခြံပေါ့။အသီး သီးနှုန်းလည်းကောင်းပါတယ်။ တောင်ပေါ်နည်းနည်းကျလို့ နေပူဒဏ်တော့တော်တော်ခံရတယ်။ကွမ်းပင်တွေ နေအပူရှိန်ကြောင့် ညှိုးပြီးအမြဲဝါနေတယ်။ မိုးရာသီရောက်ရင်တော့ အဆင်ပြေတယ်။ ဝင်ငွေကတော့ ကွမ်းသီးဈေးအပေါ် မူတည်ပြီး ကွာတာပေါ့နော်။
DW ။ ကွမ်းခြံကိုဘယ်နှစ် နှစ်လောက်ပြုစုပျိုးထောင်ခဲ့လဲ။ ဘာကြောင့် သတ္တုတူးဖို့ ခွင့်ပြုလိုက်တာလဲ။ ရောင်းချလိုက်တာလဲ။
ဖြေ ။ ကွမ်းခြံလုပ်လာတာက ဆယ်နှစ်ကျော်ပြီ။ တခြားနေရာတွေမှာလည်းကွမ်းခြံတွေရှိသေးတယ်။ ဒီခြံကတော့ စစလုပ်တုန်းကနေ အခုအချိန်ထိဆို ၇ နှစ်လောက်ရှိပြီ။ကွမ်းသီး သီးပြီး ၂ နှစ်လောက်အကြာမှာ ခဲသတ္တုတူးဖို့ဆိုပြီး မိတ်ဆွေတွေအကြံပေးမဲဆွယ်တာနဲ့ သတ္တုတူးခွင့်ပြုလိုက်တာ။ဦးတို့ ခြံပတ်ပတ်လည်က ခြံတွေကလည်းခဲတူးထားတဲ့ နေရာတွေဖြစ်ကုန်ပြီလေ။ဒီအချိန်တုန်းက ကွမ်းသီးဈေးလည်းအဲလောက်မကောင်းဘူး။
DW ။ သတ္တုတူးဖို့ခွင့်ပြုလိုက်တဲ့အချိန်မှာရော ဘယ်လိုအကျိုးအမြတ်တွေရခဲ့လဲ။
ဖြေ ။ ဒါကတော့ကံတရားနဲ့ဆိုင်မယ်ထင်တယ်။ သူများတွေအဆင်ပြေတာကို ငါလည်းအဆင်ပြေမယ်ဆိုပြီး ထင်လို့မရဘူး။ ထိုင်နေတုန်းကအကောင်း ထမှကျိုးမှန်သိတယ် စကားပုံထဲကလိုဖြစ်သွားတယ်။ ခဲကြော(သတ္တုကြော)စမ်းတုန်းက ခဲမြေသေချာတယ်လို့ ပြောတာပဲ။တကယ်တမ်းတူးကြတော့ ခဲက ရတယ်။အထွက်နည်းတယ် တွက်ခြေမကိုက်ဘူး။ စက်ယန္တရားခ၊အလုပ်သမားခတွေနဲ့ ရတဲ့ခဲ ကနည်းတော့ အရှုံးပေါ်ကြတယ်။ အစုစပ်လုပ်ကြတော့ သူကငွေရှုံး၊ငါကမြေရှုံးပေါ့။အကျိုးအမြတ်ကတော့ အရှုံးပါခင်ဗျား။
DW ။ အဲဒီမြေက ဘယ်လိုအခြေအနေကျန်ခဲ့လဲရှင်။ ပြန်စိုက်ပျိုးဖို့ရောသင့်ေလျာ်တဲ့ အနေအထားမှာရှိနေလား။
ဖြေ ။ ပြန်စိုက်ပျိုးဖို့ဆိုတာက မဖြစ်နိုင်တော့ဘူးလေ။ခဲတူးထားတဲ့မြေဆိုတော့ ဟိုနားတွင်းနက်တွေ၊ဒီနား တွင်းနက်တွေဖြစ်ကုန်ပြီ။ မိုးရွာရင် အဲဒီတွင်းတွေက ရေပြည့်။ နေပူရင်ရေခန်း မြေပြင်ပြန်ညီအောင်လုပ်ဖို့ လွယ်မှမလွယ်တော့တာ မြေလွှာတွေပျက်စီးကုန်တာပေါ့။တောင်ပေါ်လည်းဖြစ်တော့ မိုးရွာရင်အန္တရာယ်များတယ်။ မြေပြိုမှာကြောက်ရတယ်။ ပတ်ပတ်လည် မြေတွေလည်းအဲလိုပဲဖြစ်ကုန်ကြပြီလေ။
DW ။ ခဲတူးခွင့်မပြုဘဲ ကွမ်းခြံဆက်လုပ်ခဲ့ရင်ရော အဆင်ပြေလောက်တယ်ထင်လားရှင် ။ဘယ်လိုအကြောင်းအရာတွေကြောင့် ခဲသတ္တုတူးဖို့ခွင့်ပြုလိုက်တာလဲရှင်။
ဖြေ ။ ကွမ်းခြံဆက်လုပ်နေဖို့က မဖြစ်တော့ဘူးလေ။ဥယျာဉ်၊ခြံတွေတော်တော်များများက ခဲမြေဖြစ်ကုန်တော့ ဦးတို့ခြံက ဆက်လုပ်နေရင် နေပူထိပြီး ကွမ်းပင်တွေခြောက်မယ်။ အနီးအနားကခြံတွေလည်း အကုန်ခဲမြေတွေဖြစ်ကုန်တာလေ။ ဒါကြောင့်လည်းမထူးဘူး တူးကွာဆိုပြီး ရွေးချယ်လိုက်တာ။ နှမြောတော့နှမြောမိတာပေါ့။ ခဲများများမရလို့ ပိုနှမြောမိတယ်။
DW ။ ခဲတူးလို့ပျက်စီးသွားတဲ့ မြေနေရာတွေ ပြန်လည်စိုက်ပျိုးရေးလုပ်မယ်ဆို ဘယ်လိုပြုပြင်မှုတွေ လုပ်ရမလဲ။ ပြုပြင်ခဲ့ရင်ရော ဘယ်လောက်ကြာမလဲရှင်။
ဖြေ ။ ပြုပြင်ဖို့ဆိုတာကတော့ စိတ်ကူးယဉ်ဆန်တယ်ပြောရမလား။ မဖြစ်နိုင်တော့ဘူးလေ။ ခဲတူးထားတဲ့မြေနေရာတွေကို တွေ့ဖူးလား။တွေ့ဖူးရင် အဲလိုမေးခွန်းမျိုးမေးမယ်မထင်ဘူး။မလွယ်ဘူးလေ။ ချိုင့်ခွက် ဒီလောက်များတာ ဘတ်ဟိုးတွေနဲ့ ဟိုးမြေအောက်ပေပေါင်းများစွာအနက်ထိ တူးထားတာလေ။ ပြန်စိုက်ပျိုးဖို့ ဆိုရင် နှစ်တွေတော်တော်စောင့်ယူရမှာ။ ခဲလုပ်ကွက်တွေ မရှိတော့ရင်ပေါ့။ တစ်ခုကိုလိုရင်တစ်ခုကို ပေးဆပ်ရတာပေါ့ကွယ်။ သတ္တုကိုလိုတော့ မြေကြီးကိုအရှုံးခံရတာပေါ့။
“ခဲမိုင်းကို မြေမရောင်းဘဲ ပုံမှန်သာ ခြံစိုက်စားနေမယ်ဆိုရင် နှစ်ပတ်လည်စိုက်နေတာဆိုတော့ သူတို့ဝယ်တဲ့ ပမာဏထက် ပိုက်ဆံပိုရလိမ့်မယ်”
သတ္တုလုပ်ကွက်အတွက် မြေရောင်းခဲ့သည့် ကံပေါက်ဒေသခံ ဥယျာဉ်ခြံရှင် အမျိုးသမီးတစ်ဦး
DW ။ အစ်မတို့ အိမ်က ခဲမိုင်းအတွက်မြေရောင်းလိုက်တဲ့ အကျယ်အဝန်းဘယ်လောက်ရှိလဲ ။ ရောင်းလိုက်တဲ့နေရာက အစက ဘာလုပ်တဲ့မြေနေရာလဲ ။ အဲဒါ ဝယ်မယ့်သူတွေက ဝယ်ဖို့ အရင်လာကမ်းလှမ်းတာလား ။ ဘယ်ချိန်တုန်းက ရောင်းလိုက်တာလဲ ။
ဖြေ ။ ရောင်းတာက ၂ ဧက ပါပဲ ။ ခြံထဲမှာကအစုံစိုက်တယ်လေ ။ ဂေါ်ဖီထုပ်တွေ ၊ အခြား ကိုင်းပင်တွေရောအစုံပဲ။ ဝယ်ဖို့က သူတို့(ဝယ်မယ့်သူ) အရင်လာပြောတာ။ မနှစ်က ၆ လပိုင်း (၂၀၂၄ ခုနှစ် ဇွန်လ) မှာ ရောင်းလိုက်တယ်။
DW ။ မြေဝယ်မယ့်သူဘက်က မြေပေါ်မှာ ဘာလုပ်မယ် ၊ ဘယ်လိုပြန်ပေးမယ်လို့ မြေမဝယ်ခင်မှာ ပြောသေးလား ။
ဖြေ ။ အခုပြီးသွားပြီလေ သူတို့က မရှိတော့ဘူး ။ မြေကွက်ကတော့ ရေအင်းကြီးကျန်ခဲ့တယ်။ အခြားခြံတွေရောပဲ ရေအင်းကြီးတွေ ဖြစ်သွားတယ် ။ အနီးအနားက သူများခြံမှာ၂အင်း ၊ ငါတို့မှာက ၁အင်း ကျန်ခဲ့တယ်။ အင်းတွေက ကျယ်တယ် ကြီးတယ်။ အင်းတစ်အင်းကို ခြင်းလုံးကွင်း နှစ်ကွင်း သုံးကွင်း စာလောက်ရှိတယ်။ ဝယ်တုန်းက ခဲလုပ်ဖို့ အငှားသဘောပဲ။ စာချုပ်နဲ့ ဝယ်တာမဟုတ်။ ခဲရှာလို့ကုန်တဲ့အခါ ပြီးရင် ပြန်ပေးခဲ့မယ် ပြောတယ်။ ပြီးတော့လည်း ပြန်ပေးခဲ့ပါတယ်။ အခု ခဲကုန်သွားလို့ အခုနှစ် အစပိုင်းမှာ တို့နေရာကနေ နားပြီး အခြားနေရာ ထပ်ရောက်သွားပြီ။ ချောင်းအောက်ဘက် မိကျောင်းအိုင်(ရပ်ကွက်)ဘက်မှာ အခု ခဲမိုင်း အသစ်ထပ်လုပ်နေတယ်။
DW ။ အခု ရေအင်းကြီးတွေ ဖြစ်သွားတဲ့နေရာကို ဘာဆက်လုပ်ထားလဲ။ အရင်လို သုံးရသေးရဲ့လား။
ဖြေ ။ မြေဖို့ထားတယ်။ စိုက်ပျိုးရေးအတွက် ပြန်သုံးရ မရကတော့ တစ်နှစ် နှစ်နှစ် လောက် စောင့်ကြည့်ရလိမ့်မယ်။
DW ။ မြေကို မနှမြော ဘူးလား ။ ရည်ရွယ်ချက်ရှိရှိရောင်းခဲ့တာလား။
ဖြေ ။ နှမြောတာပေါ့။ ဘေးနားခြံတွေကအကုန်ရောင်းတယ်လေ။ ငါတို့ကအလယ်မှာ ဖြစ်နေတော့ မရောင်းလို့မှ မရတော့တာ။ တကယ်ဆို လုံးဝကို မရောင်းချင်တာ။ ဧက အများကြီး ရောင်းတာလည်းကြားရတယ်။ ၅ ဧကလောက်အထိ ရောင်းကြတယ်။ လာဝယ်တာက ပွဲစားနဲ့လေ။ ၂၇၃(စစ်အာဏာရှင် ခြေလျင်တပ်ရင်း ) က စစ်သားလူထွက်က ပွဲစားလုပ်ပြီးလာဝယ်ပေးတယ်။ လာဝယ်သူတွေက ဒီက နယ်ခံမဟုတ် မြိတ်ဘက်က။ အပေါ်ဘက်က(မြန်မာပြည် အထက်ပိုင်း) သူဌေးတွေလာဝယ်တာ။ ငါတို့ရောင်းတုန်းက တစ်ဧက ကျပ်သိန်း ၃၀၀ စျေးရတယ်။ အခုနောက်ပိုင်း ထပ်ရောင်းတဲ့ သူတွေကနည်းနည်း စျေးပိုရတယ်။ သူတို့က မြေကိုစမ်းလို့ ခဲပါရင်(ခဲရှိကြောင်း သိပါက) ၅၀၀ (ကျပ်သိန်း) လည်းဝယ်တာပဲ။ မြေမဝယ်ခင် ခဲရှိ မရှိလည်းစမ်းတယ်။ ယင်းခွက်(ခဲကျင်ခွက်) နဲ့ရော၊ ရှာဖွေစက်နဲ့ရော စမ်းသပ်တယ်။ မစမ်းဘဲမဝယ်ဘူး။ ဒါပေမဲ့ ခဲက တစ်ကြောလုံးရှိတော့ အလယ်ကသူတွေက မရောင်းမနေရဖြစ်သွားတယ်။ စိုက်လို့မှမရတော့တာလေ။ ကျောက်လုံးကြီး(ရေချိုချောင်း) ဘက်တွေမှာရောအများကြီးပဲ ခဲမိုင်းအတွက်မြေရောင်းကြတာ။ အဲဒီချောင်းနားမှာ ရောင်းတာက ငါတို့ထက်ပိုများတယ်။ ချောင်းနဲ့ ကပ်နေတဲ့ ၂ ဧက ကိုရောင်းလိုက်ရတယ်။ သူတို့အလုပ်(ခဲမိုင်း) လုပ်နေရင် စိုက်ပျိုးရေးအတွက် ရေမရတော့ဘူးလေ။ ရေလောင်းရင်ချောင်းရေပဲ သုံးတော့လေ။
DW ။ မိုင်းတွေလုပ်ပြီးတဲ့နောက် ချောင်းတွေရဲ့ အနေအထားကရော မှန်သေးရဲ့လား ။ အခြား ဘာထိခိုက်သေးလဲ ။
ဖြေ ။ ချောင်းက အနေအထားမမှန်တော့ဘူး။ ချောင်းထဲမှာ ရေပုံမှန်မရှိတော့ဘူး။ ရေတွင်းလည်း ရေမခံဘူးလေ အခုနွေတုန်းက။ ရေရှားတယ်။ ရေတော့မဝယ်ရလိုက်ဘူးဆိုပေမဲ့ ရေတွင်းရေကို စောင့်စောင့်ပြီး တင်ပြီး လောင်းရတာပေါ့။ နားနားပြီး လောင်းရတယ်။ အစကထက် အများကြီးပင်ပန်းသွားတာပေါ့။ မိုးရာသီမှာလည်း ချောင်းအနေအထား မမှန်တော့ မြေပြန်ဖို့ထားတဲ့နေရာတွေမှာ ပြန်မစိုက်တော့ဘူး။ တောင်ကုန်းပေါ် မှာပဲ စိုက်တော့တယ်။ အနိမ့်ပိုင်းမှာမစိုက်တော့ဘူး ။ မြေရောင်းလိုက်ရတာက အနိမ့်ပိုင်းထဲကပါ။ အစက မိုင်းတွေ မလုပ်ခင်ကဆို မိုးရာသီ အဲဒီလို ရှောင်စရာမလိုဘူး။
DW ။ ၂၀၁၅ လောက်တုန်းက Delco သတ္တုမိုင်းနုန်းကန် ပြိုကျတုန်းကရော မထိဘူးလား။ အခုအခြေအနေနဲ့ ဘာကွာလဲ။
ဖြေ ။ အဲတုန်းကလည်း ထိတာပေါ့။ အနိမ့်ပိုင်းကအကုန်လုံးထိတယ်။ အဲဒီတုန်းကထက် အခုကပိုများတာပေါ့။ အဲဒီတုန်းကပြန်စိုက်ရတယ်လေ။ အခုအခြေအနေက မြေဖို့ပြီးမှ ၂ နှစ်လောက်ထားပြီးမှ ပြန်စိုက်ရတော့မယ်။ အဲဒါတောင် ဖြစ်ထွန်းမှု ရှိ မရှိကမသိသေးဘူး။
DW ။ အခုပြောပြသလောက်ဆိုရင် မြေကို ကိုယ်မရောင်းချင်ဘဲ ရောင်းထားခဲ့ရတာပေါ့။ အဲဒီလို ပျက်စီး သွားမယ်လို့ အစကထင်ခဲ့ဖူးသလား။
ဖြေ ။ ဒီလိုကျန်ခဲ့မယ်ဆိုတာ အစကသိနေတယ်ဆိုပေမယ့်လည်း မရောင်းလို့မှမရတော့ ရောင်းလိုက်ရတယ် ။ အခုရောင်းလိုက်ရတဲ့ အဲဒီနေရာက မြေနိမ့်ပြီး ရေနဲ့နီးတော့ စိုက်ရတာအရမ်းကောင်းတယ်။ ခဲမိုင်းကို မြေမရောင်းဘဲ ပုံမှန်သာ ခြံစိုက်စားနေမယ်ဆိုရင် နှစ်ပတ်လည်စိုက်နေတာဆိုတော့ သူတို့ဝယ်တဲ့ ပမာဏထက် ပိုက်ဆံပိုရလိမ့်မယ်။ ရာသီအလိုက် မပြတ် အစုံစိုက်နေတာဆိုတော့လေ။
DW ။ ကျေးဇူးတင်ပါတယ်။