BREAKING
October 19, 2025

မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲ လေ့လာသူ စေလွှတ်ရေး အာဆီယံဆွေးနွေးမည်

October 11, 2025

ပုံစာ - မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်တို့ အောက်တိုဘာလ ၉ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - EPA

ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူများစေလွှတ်ရေး မြန်မာစစ်ကော်မရှင်က ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ယခု အောက်တိုဘာလအတွင်း ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၀ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်တို့ ကြာသပတေးနေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယင်းသို့ထုတ်ပြန်လာခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူများ စေလွှတ်ပေးရန် မြန်မာစစ်ကော်မရှင်က အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးကို ဖိတ်ခေါ်ထားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

အထူးသဖြင့် ယခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံသို့ ဖိတ်ခေါ်ရာတွင် မလေးရှား ရွေးကောက်ပွဲကော်မရှင်ကို မြန်မာစစ်အုပ်စုက တိုက်ရိုက်ဖိတ်ခေါ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မလေးရှားက အဆိုပါ ရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်မည်ဟု မြန်မာစစ်အုပ်စုထိန်းချုပ်ထားသည့် မီဒီယာများ၌ သောကြာနေ့က ဖော်ပြခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ အဆိုပါ သတင်းများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ရည်ညွှန်းဖော်ပြထားခြင်း မတွေ့ရပေ။

မြန်မာစစ်အုပ်စုက ပြုလုပ်ရန် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် ၎င်းတို့၏ လက်ဝေခံနိုင်ငံရေးပါတီများမှတစ်ဆင့် စစ်တပ်၏ အုပ်ချုပ်မှုကို တရားဝင်ဖြစ်စေရန် ဖန်တီးထားသည့် လိမ်လည်လှည့်ဖြားမှုအဖြစ် ဝေဖန်သူများနှင့် အနောက်နိုင်ငံအများအပြားက ရှုမြင်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

ဇန်နဝါရီလက မလေးရှားနိုင်ငံ လန်ကာဝီကျွန်းတွင် ကျင်းပခဲ့သော အာဆီယံအစည်းအဝေးအပြီးတွင် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဟာဆန်က ရွေးကောက်ပွဲသည် မြန်မာစစ်အုပ်စု၏ ဦးစားပေးလုပ်ငန်း မဖြစ်သင့်သေး ကြောင်း ပြောကြားခဲ့ပြီး သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးပြီး တိုက်ခိုက်မှုများ ရပ်တန့်ရေးကိုသာ တိုက်တွန်းခဲ့သည်။

Source: Reuters