တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်အာဏာရှင်တပ်က ကားလမ်းဖြတ်သန်းခွင့် ပိတ်ပင်ကန့်သတ်ပြီးနောက် ဆားကြမ်းဈေးတက်လာကာ ဥယျာဉ်ခြံရှင်များ အခက်တွေ့နေကြကြောင်း ဒေသခံများထံမှ သိရသည်။
ယခုနှစ် မတ်လမှစ၍ တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ရွာများကို ဝင်နိုင်သည့် ကားလမ်း များကို စစ်အာဏာရှင်တပ်က ပိတ်လိုက်သဖြင့် ဆားကြမ်းအပါအဝင် ကုန်ပစ္စည်းများပြတ်လပ်ကာ ဈေးတက်လာကြောင်း ဒေသခံများက ပြောသည်။
ကွမ်းသီးပင်နှင့် အုန်းပင်များ အသီးကြီးထွားစေရန်နှင့် အသီးထွက်နှုန်းကောင်းစေရန် ဆားကြမ်းကို အပင်ဝန်းကျင်တွင် ထည့်ပေးရကြောင်း တောင်သူအချို့က ဆိုသည်။
လက်ရှိတွင် ပဝ၊ ဘန်လော၊ တကူ၊ သာရဘွင်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာအုပ်စု ၁၀ ခုကျော်က ဥယျာဥ်ခြံများတွင် အသုံးပြုရန်လိုအပ်သည့် ဆားကြမ်းကို တနင်္သာရီမြို့အပါအဝင် ပြည်ထောင်စုလမ်းနှင့် နီးစပ်သည့်ကျေးရွာများ မှတစ်ဆင့် ရေလမ်းနှင့် ဆိုင်ကယ်ကို အသုံးပြုကာ သယ်ယူနေရကြောင်း ၎င်းတို့က ပြောဆိုသည်။
ထို့ကြောင့် ၁၂ ပိဿာဝင်ဆံ့သည့် ဆားကြမ်းတစ်အိတ်လျှင် ကျပ် နှစ်သောင်း မှ သုံးသောင်းခွဲကျပ်ဝန်းကျင်အထိ တဖြည်းဖြည်း ဈေးတက်သွားကြောင်း ဒေသခံတောင်သူအချို့က ပြောသည်။
ခူဆား (ဆားကြမ်း) ရှားပါးပြီး ဈေးတက်နေသဖြင့် အိမ်သုံးဆားကို အစားထိုးသုံးစွဲနေရကြောင်း တကူကျေးရွာဒေသခံ အုန်းခြံပိုင်ရှင်တစ်ဦးကဆိုသည်။
“ဆားကို မကျွေးလည်းရတယ်ဆိုပေမယ့် မကျွေးရင် အသီးတွေ သိပ်မသီးဘူး။ ဆားဓာတ်လည်း လိုအပ်တယ်။ ဆားကျွေးတဲ့နှစ်နဲ့ မကျွေးတဲ့နှစ် အသီးထွက်နှုန်း မတူဘူး” ဟု ၎င်းက ပြောဆိုသည်။
ဆားကြမ်းစျေးတက်လာသဖြင့် ဆားလျှော့သုံးနေရသည့် ဥယျာဉ်ခြံပိုင်ရှင်များလည်း ရှိနေကြောင်း ပဝရွာဒေသခံ ကွမ်းခြံပိုင်ရှင်တစ်ဦးက ဆိုသည်။
“ဆားကို ကွမ်းခြံသမားတွေ ကျွေးသမားလည်းရှိတယ်။ မကျွေးတဲ့သူလည်း ရှိတယ်။ ကျွေးနေကြသူတွေက စျေးတက် လာတော့ ၁၀ အိတ်ကျွေးနေရာမှာ ၃အိတ်ပဲ ကျွေးနိုင်တယ်” ဟု အထက်ပါ ကွမ်းခြံပိုင်ရှင်က ပြောသည်။
တနင်္သာရီမြို့နယ်တွင် ရေချိုချောင်းသာရှိသဖြင့် ဆားကြမ်းမထုတ်လုပ်နိုင်သည့် အခြေအနေကြောင့် မြိတ်မြို့မှ အဆင့်ဆင့် သယ်ယူ၍ သုံးစွဲနေရသည်။
လမ်းမပိတ်မီက မြိတ်ဘက်မှလာသည့် ကုန်ကားများသည် အိမ်ရှေ့အရောက်လာချပေးလေ့ရှိပြီး လက်ရှိတွင် ရေကြောင်းမှ တစ်ဆင့် လှေဖြင့်သယ်ယူကာ ဆိုင်ကယ်ဖြင့်ထပ်သယ်နေသည့်အတွက် ပစ္စည်းတန်ဖိုးထက် သယ်ယူစရိတ်က ပိုများနေကြောင်း ဒေသခံအများစုက ပြောဆိုသည်။
ထို့အတူ ဓာတ်မြေသြဇာလည်း ရှားပါးပြီး စျေးတက်နေသဖြင့် ကွမ်းခြံများ၊ ရာဘာခြံများနှင့် ကိုင်းသီးနှံစိုက်ပျိုးရာတွင် လျှော့၍သုံးစွဲနေရကြောင်း ဒေသခံများထံမှ သိရသည်။