ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ သိန်ခွန်းရွာတွင် သုံးရက်ဆက်တိုက်ပွဲဖြစ်၊ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်သုံးကာ နှစ်ရက်ဆက်ဗုံးကြဲ

September 11, 2025

ပုံစာ - စစ်အာဏာရှင်တပ်တွင် အသုံးပြုနေသည့် တိုက်လေယာဉ်တစ်စီးကို တွေ့ရစဉ်။

တနင်္သာရီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာအနီးဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်‌ရေးတပ်တို့ သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင်တပ်က တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်အသုံးပြုကာ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် စက်တင်ဘာ ၉ ရက်မှ ၁၁ ရက် (ယနေ့) အထိ သုံးရက်ဆက် တိုက်ပွဲ ဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၀ရက် ညနေ ၅နာရီခန့်တွင် စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်တစ်စီးနှင့် ရဟတ်ယာဥ် တစ်စီးရောက်လာပြီး ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“လေယာဥ်နှစ်စီးက ရှေ့ဆင့်နောက်ဆင့်တက်တယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။

တိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဘက်က အထိနာသဖြင့် လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းဖြစ်ပြီး အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွင် လူထိခိုက်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၁ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေသည့် သိန်ခွန်းရွာဝန်းကျင်ကို ဂျက်တိုက် လေယာဥ်တစ်စီးနှင့် စစ်ရဟတ်ယာဥ်တစ်စီး ထပ်လာပြီး ဗုံးကြဲကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် ပေါင် ၃၀၀ ဗုံးနှစ်လုံးကြဲခဲ့ပြီး ထိခိုက်မှုအခြေအနေ အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တိုက်ပွဲက ကြမ်းနေတယ်။ မိုးလင်းတာနဲ့ တိုက်ကြပြီး မိုးချုပ်ရင်နားကြတယ်။ ရက်ဆက်နီးပါး တိုက်ပွဲဖြစ်နေတာ တစ်လနီးပါးဖြစ်တော့မယ်။ လအစကနဲ့ အခုပိုကြမ်းတယ်။ နှစ်ဖက်စလုံး ထိခိုက်မှုရှိတယ်။ သူတို့ဘက်က အထိနာပြီဆို လေကြောင်းတက်ပြီ” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။

သုံးရက်တာ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေကို Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကို ပြန်လည်သိမ်းပိုက်ရန် စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေသည်မှာ ၈ လကျော်လာပြီဖြစ်သော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းရွာတွင်ပင် ရပ်တန့်နေကာ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည်။