တိုက်ပွဲများကြောင့် ပိတ်ထားသည့် ရန်ကုန်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းရှိ မလွဲတောင် ကလိန်အောင်လမ်းပိုင်း ပြန်ဖွင့်လိုက်၍ ထားဝယ်မြို့တွင် စျေးနှစ်ဆနီးပါးမြင့်တက်ခဲ့သည့် စားသုံးကုန်စည်များ စျေးပြန်ကျလာခဲ့ကြောင်း ထားဝယ်မြို့၏ စားသုံးကုန်စည်စျေးကွက်မှ စုံစမ်းသိရှိရသည်။
လမ်းပိတ်ထားမှုကြောင့် စျေးမြင့်တက်ခဲ့သော ကြက်သွန်နီ တစ်ပိဿာ ၆၀၀၀ ကျပ်မှ ယနေ့ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၈၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်၊အာလူး တစ်ပိတ်ဿာ ၁၂၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၁၂၀၀ ကျပ်မှ ၆၀၀ကျပ်သို့ စျေးပြန်ကျသွားသည်။
“ ကြက်ဥက သောင်းပြောင်းကြီးငယ်မရွေး ဆယ်လုံးကို ၆၀၀၀ စျေးပါ၊လက်ရွေး တော့မရသေးဘူး ။ တော် တော်များများစျေးကျကုန်ပါပြီ။ ဒါပေမဲ့ ငရုတ်သီးခြောက်ကတော့ စျေး အမြင့်တန်းမှာပဲရှိ နေသေးတယ်။ ပစ္စည်းလည်းပြတ်နေတယ်”ဟု ကုန်သည်အမျိုးသမီး တစ်ဦးကပြောသည်။
ယင်းအပြင် ကုန်စိမ်းပစ္စည်းများမှာလည်း ထက်ဝက်နီးပါးစျေးပြန်ကျလာခဲ့ကြောင်း ထားဝယ်မြို့ကမ်းနားစျေး ရှိ ကုန်စိမ်းပစ္စည်းရောင်းချသူများထံမှသိရသည်။
ငရုတ်သီးတစ်ပိသာ ၅၀၀၀ကျပ်မှ ၂၀၀၀ကျပ်၊ခရမ်းချဉ်သီးတစ်ပိသာ ၁၈၀၀၀ ကျပ်မှ ၅၀၀၀ကျပ်၊ ဂေါ်ဖီတစ်လုံး ၁၂၀၀၀ကျပ်မှ ယနေ့ အလုံးကြီး တစ်လုံး ၆၀၀၀ကျပ်နှင့် အလုံးငယ်တစ်လုံး ၄၀၀၀ကျပ်၊ မုန်လာဥနီတစ်လုံး ၄၀၀၀ ကျပ်ဝန်းကျင်မှ ယနေ့ တစ်ပိသာ ၆၀၀၀ကျပ်သာစျေးရှိတော့ကြောင်း ထားဝယ်မြို့ ကမ်းနားစျေးရှိ ကုန်စိမ်းလက်လီလက်ကား ရောင်းချသူအမျိုးသမီးတစ်ဦးကပြောသည်။
“အခုမှ ရောင်းလို့ဝယ်လို့ ပြန်ကောင်းသွားတယ်။ လမ်းပိတ်နေတုန်းက လုံး၀ဆင်မပြေဘူး။ နောက်ပြန်ပိတ်မှာကိုပဲ စိုးရိမ်နေရတယ်”ဟု ယင်းအမျိုးသမီးကပြောသည်။
ရေဖြူမြို့နယ် မလွဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် ဩဂုတ်လ ၂၃ ရက် နေ့မှ ၂၅ ရက် နေ့အထိ စစ်အာဏာရှင်တပ်နှင့် တော်လှန် ရေးပူးပေါင်တပ်များအကြား ၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် တော်လှန်ရေးတပ်များဘက်က ယင်းလမ်းပိုင်းကို ဩဂုတ်လ ၂၆ ရက် နေ့မှစကာ စက်တင်ဘာလ ၆ ရက် နေ့အထိ ၁၂ ရက်ကြာ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်သည်။
လက်ရှိတွင်လည်း ယင်းလမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များကြား နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိနေပြီး တိုင်းအတွင်းရှိပြည်သူများနှင့် ဒေသခံခရီးသွားပြည်သူများမှာ လမ်းထပ်ပိတ်မည်ကို စိုးရိမ်နေကြသည်။







