BREAKING
October 19, 2025

မော်လမြိုင်တွင် ဓားပြတိုက်ခံရ၍ နေအိမ်ရှိ ရွှေနှင့်ပစ္စည်း သိန်းထောင်ကျော်ပါသွား

September 11, 2025

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ မော်လမြိုင်တက္ကသိုလ်ပတ်လမ်းရှိ နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး တန်ဖိုးသိန်းပေါင်းထောင်ကျော် ပါသွားကြောင်းသိရသည်။

ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၂ နာရီကျော်အချိန်ခန့်တွင် ဈေးကြိုရပ်ကွက်၊ တက္ကသိုလ်ပတ်လမ်းရှိ ဦးကျော်သူရဆိုသူ၏ နေအိမ်ထဲ မျက်နှာဖုံးတပ်ထားသည့် လူ ၃ ဦးက ဝင်ရောက်ဓါးပြတိုက်သွားခဲ့ခြင်း ဖြစ်သည်။

ဓားမြတိုက်သူ ၃ ဦးစလုံး မျက်နှာဖုံးတပ်ထားပြီး၊ ဦးထုတ်ဆောင်းထားကာ သေနတ်နှင့် ဓါးများ ကိုင်ဆောင်ထားကြသည်ဟု နီးစပ်သည့် မြို့ခံတို့က ပြောသည်။

“သူတို့မှာ သေနတ်တွေ၊ဓားတွေ ပါတယ်။ ဖုန်းတွေ၊ ရွှေတွေ၊ ငွေတွေတော့ ပါသွားတယ်” ဟု နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။

စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့၏ အချက်အလက်များအရ ဓါးပြတိုက်ခံခဲ့ရမှုဖြစ်စဉ်တွင် မီးလင်းရွှေ ၁၀ ကျပ်သား၊ ငွေကျပ်သိန်း ၄၀၀ ခန့်နှင့် I Phone နှစ်လုံး၊ Ipad Pro တစ်လုံး ပါသွားသည်။ တရားခံများကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသလို ကျူးလွန်သူများနှင့် ပတ်သက်၍ ထုတ်ပြန်နိုင်ခြင်းလည်း မရှိသေးပေ။

စစ်ကော်မရှင်က လုံခြုံရေးတိုးမြှင့်ထားပြီး စစ်ဆေးမှုပါ တင်းကြပ်ထားသည့် မော်လမြိုင်မြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွားခဲ့သည့်အပေါ် ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း မုဒုံမြို့၊ ရွှေဟင်္သာဈေးရှိ ရွှေရတနာဦးရွှေဆိုင်တွင် ရွှေလုယက်မှုဖြစ်ပွားခဲ့ပြီး၊ ဆိုင်ပိုင်ရှင် အမျိုးသားကိုပါ သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်မြို့အပါအဝင် ပြည်နယ်အတွင်းရှိ မုဒုံ၊ ရေး အစရှိသည့် မြို့တို့တွင် ရွှေဆိုင် ဓားပြတိုက်မှု၊ လုယက်မှု၊ ခြိမ်းခြောက်ငွေတောင်းသည့်ဖြစ်စဉ်များအပြင် ခိုးမှု၊ လုယက်မှုများနှင့် လုယက်လူသတ်သည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေသည်။