BREAKING
October 31, 2025

ထိုင်းတွင် ATM စက်ကို ဖျက်ဆီးခဲ့သည်ဟုဆိုကာ မြန်မာတစ်ဦးကို ရဲတပ်ဖွဲ့ ရှာဖွေနေ

September 11, 2025

ထိုင်းနိုင်ငံ ချာချင်စောင်ခရိုင်တွင် ATM ငွေထုတ်စက်ကို ခြေဖြင့်ကန်၍ ဖျက်ဆီးခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၂ နာရီခန့်က ဘန်းပကောင်ဒေသရှိ ကယ်စီကွန်ဘဏ်၏ ATM ငွေထုတ်စက်ကို အင်္ကျီမဝတ်ထားသော အမည်မသိသူတစ်ဦးက ခြေဖြင့်ကန်၍ ဖျက်ဆီးသွားခဲ့ကြောင်း CCTV မှတ်တမ်းများအရ ရဲတပ်ဖွဲ့က ပြောကြားသည်။

ယနေ့နံနက်ပိုင်းတွင် ဘဏ်ဝန်ထမ်းများ ရောက်လာသောအခါ ATM စက်ပျက်စီးနေသည်ကို တွေ့ရသဖြင့် ဘန်းပကောင်ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့များ လာရောက်စစ်ဆေးချိန်တွင် ATM စက်၏ ကွန်ပျူတာမျက်နှာပြင်သည် လုံးဝပျက်စီးနေပြီး အနီးတွင် သွေးစများကို တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

CCTV မှတ်တမ်းများအရ ATM စက်၏ ကွန်ပြူတာမျက်နှာပြင်ကို ခြေဖြင့်ကန်ထားသဖြင့် ကျူးလွန်သူက ပြတ်ရှဒဏ်ရာရရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ စက်ထဲက ငွေသားများမှာမူ ပျောက်ဆုံးခြင်းမရှိကြောင်း သတင်းကဆိုသည်။

ထို့နောက် မှုခင်းရဲတပ်ဖွဲ့က လက်ဗွေနှင့် သွေးစများကို ယူဆောင်ခဲ့ပြီး သက်သေအနေဖြင့် သိမ်းဆည်းခဲ့သည်။

CCTV မှတ်တမ်းအရ ကျူးလွန်သူသည် မြန်မာနိုင်ငံသားဖြစ်သည်ဟု ၎င်းကိုသိရှိသူများက ရဲတပ်ဖွဲ့ကို အတည်ပြုထားပြီး ရဲတပ်ဖွဲ့ကလည်း မကြာသေးခင်က ထိုင်းသို့ ဝင်ရောက်လာသော မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုထားသည်။

ယင်းနောက် ရဲတပ်ဖွဲ့က သံသယရှိသော မြန်မာနိုင်ငံသားကို သွားရောက်ဖမ်းဆီးနိုင်ခဲ့ပြီး မြန်မာနိုင်ငံသားသည် ဂနာမငြိမ်ဖြစ်နေသဖြင့် စိတ်ငြိမ်စေရန် ခေတ္တထိုင်ခိုင်းခဲ့ကြောင်း၊ ယင်းအချိန် မြန်မာနိုင်ငံသားက ထွက်ပြေးသွားခဲ့သဖြင့် ရဲတပ်ဖွဲ့က နောက်ကလိုက်လံဖမ်းဆီးခဲ့စဉ် မိုးသည်းထန်နေသည်ကို အခွင့်အကောင်းယူပြီး လွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။

ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားကို ဖမ်းဆီးစစ်ဆေးခဲ့သော နေရာနှင့် မြန်မာနိုင်ငံသား၏ အချက်အလက်များကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့သဖြင့် မသိရသေးပေ။

ထို့ကြောင့် ရဲတပ်ဖွဲ့က သံသယရှိသော မြန်မာနိုင်ငံသားကို လိုက်လံရှာဖွေဖမ်းဆီးနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: CH 7, Workpoint 23, Morning News TV 3