BREAKING
October 31, 2025

ထရမ့်၏မဟာမိတ် နာမည်ကြီး တက်ကြွလှုပ်ရှားသူ ပစ်သတ်ခံရ

September 11, 2025

ပုံစာ - ယူတာ့ပြည်နယ်ရှိ တက္ကသိုလ်တစ်ခု၌ Charlie Kirk အား ၎င်း လုပ်ကြံမခံရမီ စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မဟာမိတ်ဖြစ်သော နာမည်ကြီး ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ Charlie Kirk မှာ ယမန်နေ့ (စက်တင်ဘာ ၁၀)က ပစ်သတ်ခံလိုက်ရသည်။

အမေရိကန်နိုင်ငံ ၊ ယူတာ့ပြည်နယ်ရှိ တက္ကသိုလ်တစ်ခုတွင် ပြုလုပ်သော ပရိသတ် ၃၀၀၀ ခန့် တက်ရောက်သည့် အခမ်းအနားတစ်ခု၌ စကားပြောနေစဉ် ၎င်းကိုပစ်သတ်သွားခြင်း ဖြစ်သည်။

ယင်းဖြစ်ရပ်မှာ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုဖြစ်ကြောင်း ယူတာ့ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုလိုက်ပြီး သံသယတရားခံ တစ်ကိုယ်တော်စနိုက်ပါသမားကို အာဏာပိုင်များက ရှာဖွေနေဆဲဖြစ်သည်။

ဗုဒ္ဓဟူးနေ့ညအထိ သံသယတရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း အာဏာပိုင်များကဆိုသည်။

အသက် ၃၁ နှစ်အရွယ် Charlie Kirk အား ပစ်သတ်ခဲ့သည့် တစ်ကိုယ်တော်သေနတ်သမားသည် အခင်းဖြစ်ပွားရာနေရာမှ အလှမ်းကွာဝေးသည့် ခေါင်မိုးတစ်ခုပေါ်မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း အာဏာပိုင်များက သုံးသပ်ထားသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လူနှစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် တစ်ဦးကို စုံစမ်းစစ်ဆေးမေးမြန်းခဲ့ကာ နောက်ပိုင်းတွင် နှစ်ဦးစလုံးကို ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ညက ထုတ်ပြန်ထားသည်။

အဆိုပါ အမျိုးသားနှစ်ယောက်စလုံးမှာ လူသတ်မှုနှင့် ဆက်စပ်ခြင်းမရှိဟု ရဲတပ်ဖွဲ့က ဆိုသည်။

Charlie Kirk အား လုပ်ကြံခဲ့သည့် သေနတ်သမားကို ရှာဖွေနေဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

အဆိုပါ တရားခံသေနတ်သမားကို ၎င်း၏အစိုးရက ခြေရာခံဖမ်းဆီးသွားမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က လူမှုကွန်ရက်‌ပေါ်တွင် ကတိပြုပြောကြားထားသည်။

Source: Associated Press