အိမ်ဆိုတာ လူတိုင်းအတွက် စိတ်ရောကိုယ်ပါ လုံခြုံနွေးထွေးမှု၊ အေးချမ်းမှုကိုပေးနိုင်တဲ့ နေရာလေးတစ်ခု၊ အသိုက်အမြုံလေး တစ်ခုပါ။ ချစ်တဲ့သူနဲ့ ပေါင်းသင်းနေထိုင်ရတာကလည်း ဆုလာဘ်တစ်ခုပါပဲ။
ဒါပေမဲ့ ထားဝယ်သူ မဂန္ဓမာ (အမည်လွှဲ) အတွက်တော့ အဲဒီအဓိပ္ပာယ်တွေကို ပြောင်းပြန်ဖွင့်ဆိုရမှာဖြစ်ပါတယ်။ မေတ္တာမျှပြီး လက်ထပ်ပေါင်းသင်းခဲ့တဲ့ ခင်ပွန်းသည်က အိမ်ထောင်ကျပြီး တစ်နှစ်မပြည့်ခင်မှာဘဲ ပြောင်းလဲသွားပါတယ်။ သားဦးကိုယ်ဝန် စလွယ်ရချိန်ကစပြီး ရိုက်နှက်တာတွေလုပ်ဆောင်လာတဲ့အပြင် အသက်အန္တရာယ် ရန်ပြုတာတွေအထိ ရှိလာတယ်။ အဲဒီအချိန်ကစပြီး မဂန္ဓမာအတွက်တော့ အိမ်ဆိုတာ မလုံခြုံတဲ့နေရာ၊ အကြမ်းဖက်ခံရတဲ့နေရာ ဖြစ်လာပါတယ်။
“လင်မယား ညားကာစကတော့ ကောင်းပါတယ်။ ဗိုက်ရတဲ့အချိန်မှာ သူစိတ်ဖောက်ပြန်လာတယ်။ ရန်ဖြစ်ချိန်မှာ လက်တွေ ခြေတွေ ပါလာတယ်” လို့ မဂန္ဓမာက ပြောပါတယ်။ အဆိုးဆုံးကြုံရတာကတော့ ကိုယ်ဝန်ဆောင်ကာလမှာ လည်ပင်းကို ပုဆိန်နဲ့ ရွယ်တဲ့အထိ ရန်ပြုတာလို့ ဆိုပါတယ်။
မဂန္ဓမာ လက်ရှိကြုံနေရတဲ့အခြေအနေဟာ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ရပ်များစွာထဲက တစ်ခုပါ။ မြန်မာနိုင်ငံမှာ ၂၀၁၅-၂၀၁၆ ခုနှစ်က လူမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ စစ်တမ်းတစ်ရပ်အရ အိမ်ထောင်သည် အမျိုးသမီးငါးဦးမှာ တစ်ဦးဟာ အိမ်တွင်းအကြမ်းဖက်ခံရတယ်လို့ ဖော်ပြပါတယ်။
၂၀၂၁ခုနှစ် စစ်အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လူတွေ မလုံခြုံတော့သလို အလုပ် အကိုင်တွေ၊ ဝင်ငွေတွေ ဆုံးရှုံးတာ၊ ကုန်စျေးနှုန်းတွေ ခေါင်ခိုက်လာပြီး စားဝတ်နေရေးကျပ်တည်းတာတွေ ကြုံလာရပါ တယ်။ မူးယစ်ဆေးဝါးတွေ စျေးချိုသလို ပေါလည်း ပေါလာတယ်။ လူတွေဟာ ရုပ်ပိုင်းဆိုင်ရာမလုံခြုံတော့သလို စိတ်ပိုင်း ဆိုင်ရာ ထိခိုက်ခံစားရတာတွေလည်း များလာပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။
တခြားတစ်ဖက်မှာလည်း အမျိုးသမီးအရေး၊ ကျား၊ မတန်းတူရေးလှုပ်ရှားမှုတွေ ရပ်တန့်သွားသလို တရားဥပဒေစိုးမိုးမှုဟာ လည်း ယိုင်နဲ့နေပါတယ်။ ဒါ့ကြောင့် အိမ်တွင်းအကြမ်းဖက်ခံရသူတွေ အကာအကွယ်ရမှု ပိုနည်းလာသလို အသံတွေလည်း ပိုတိတ်သွားကြပါတယ်။
အိမ်တွင်းအကြမ်းဖက်မှု
အိမ်တွင်းအကြမ်းဖက်မှုဆိုတာ အိမ်ထောင်ဖက် ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အရ နိုင်ထက်စီးနင်းပြုတာ၊ ငွေကြေးအပါအဝင် နည်းအမျိုးမျိုးသုံး အကျပ်ကိုင်လွှမ်းမိုးချုပ်ကိုင်တာတွေ ဖြစ်ပါတယ်။
မဂန္ဓမာကလည်း ရုပ်ပိုင်း၊ စိတ်ပိုင်းအပြင် လိင်ပိုင်းဆိုင်ရာအရလည်း အနိုင်ကျင့်ခံနေရတယ်လို့ ပြောဆိုပါတယ်။ အသက် ၂၉ နှစ်အရွယ် မဂန္ဓမာဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အိမ်ထောင်ပြုခဲ့တာပါ။ အိမ်ထောင်ရေးအစပိုင်းမှာ အဆင်ပြေခဲ့ပေမယ့် တစ်နှစ်လောက်အကြာ ကိုယ်ဝန်ရလာချိန်မှာ ခင်ပွန်းသည်က ရိုက်နှက်တာတွေ စလုပ်လာတယ်လို့ ဆိုပါတယ်။
ခင်ပွန်းသည်ဟာ လှေလိုက်ရာကနေ မူးယစ်ဆေးစွဲလာပြီး ရိုက်နှက်တာတွေ စလုပ်လာတာလို့ မဂန္ဓမာက ပြောပါတယ်။ မူးယစ်ဆေး သုံးစွဲထားတဲ့အချိန်တွေမှာ လင်မယား စကားများရန်ဖြစ်တတ်ပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်ထိုးကြိတ် ကန်ကျောက်တာတွေ လုပ်လေ့ရှိတယ်လို့ ပြောဆိုပါတယ်။
“အဆိုးဆုံးဖြစ်တာက ကျွန်မယောက္မမတွေနဲ့ အဆင်မပြေတဲ့အချိန်မှာ ကျွန်မ သူ့ဦးလေးအိမ်မှာသွားနေတဲ့အချိန်မှာ ကျွန်မကို လယ်ထဲမှာ လည်ပင်းကို ပုဆိန်နဲ့ ခုတ်ဖို့အထိ လုပ်လာတယ်” လို့ မဂန္ဓမာက ပြန်ပြောင်းပြောပြပါတယ်။ ယင်းအချိန်က ကိုယ်ဝန်မှာ ၇လထဲ ရှိနေပြီ ဖြစ်ပါတယ်။
ပြန်လာခေါ်တာကို မလိုက်လို့ ရန်ပြုတာဖြစ်ပြီး လယ်ထဲတွင် ရိုက်နှက်ခံရတာကြောင့် မထနိုင်ဘဲဖြစ်နေခဲ့သလို သွေးတွေလည်း ဆင်းခဲ့တယ်လို့ မဂန္ဓမာက ပြောပြပါတယ်။ ဒီလိုမျိုး ရိုက်နှက်တာတွေကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ တခြားရွာတွေကို မကြာခဏ ထွက်ပြေးတိမ်းရှောင်ရလေ့ ရှိပါတယ်။ မိဘမရှိတော့တဲ့ မဂန္ဓမာအဖို့ ခင်ပွန်းသည်ရဲ့ ဆွေမျိုးတော်စပ်သူတွေရဲ့ အိမ်တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အိမ်တွေဆီကို တိမ်းရှောင်ရလေ့ရှိပါတယ်။ ကလေးမီးဖွားတာကလည်း တိမ်းရှောင်နေတဲ့ကာလ ခင်ပွန်းသည်ရဲ့ အစ်မဝမ်းကွဲ တော်စပ်သူ အိမ်မှာပါ။
ဒါ့အပြင် ကလေးမွေးပြီးစ သွေးနုသားနု အချိန်မှာတောင် ရိုက်နှက်ခံရသေးတယ်လို့ မဂန္ဓမာက ဆိုပါတယ်။
အတူ မအိပ်ချင်လည်း အိပ်ရ
နောက်ပိုင်း ခင်ပွန်းသည်နဲ့ အတူ ပြန်နေချိန်မှာလည်း ဖြစ်ရပ်ဆိုးတစ်ခုကြုံရပြန်ပါတယ်။ ခင်ပွန်းသည် လှေလိုက်နေချိန် ၂၀၂၄ ခုနှစ် ဇူလိုင်လ နေ့လယ်ခင်းတစ်ခုမှာ ကလေးကို ပုခက်လွှဲ ချော့သိပ်ရင်း အိပ်ပျော်နေချိန် အမည်မသိ အမျိုးသားတစ်ဦး ဝင်လာပြီး ဗလက္ကာရပြုဖို့ ကြံစည်ခဲ့တာပါ။
ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရိုက်နှက်ခံရလို့ ဦးခေါင်းသွေးသံတရဲရဲနဲ့ ကလေးချီ အသက်လုထွက်ပြေး အကူအညီတောင်း ခဲ့ရပါတယ်။ အခုလို ဖြစ်ရပ်ဆိုးနဲ့ ကြုံခဲ့ရပေမယ့် ခင်ပွန်းသည် အိမ်ပြန်ရောက်ချိန် အရေးတယူ မရှိဘူးလို့ ဆိုပါတယ်။
သွေးပျက်ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်ကို ကြုံရပြီးတဲ့နောက် လိင်ပိုင်းဆိုင်ရာကိစ္စနဲ့ပတ်သက်လို့ စိတ်ဒဏ်ရာရ သွားခဲ့တယ်။ ခင်ပွန်းသည်နဲ့ အတူနေဖို့ကိုတောင် ကြောက်ရွံ့ထိတ်လန့်မှုတွေ ဖြစ်ခဲ့တယ်လို့ မဂန္ဓမာက ပြောပါတယ်။ ဒါကြောင့် အတူနေဖို့ ငြင်းဆိုတဲ့အခါတိုင်းမှာလည်း စကားများရန်ဖြစ်ပြီး လက်ပါ တတ်တယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင် ကာလမှာလည်း အတူနေဖို့ ဆန္ဒမရှိလို့ ငြင်းဆိုတဲ့အခါမျိုးမှာ ဓားနဲ့ ခြိမ်းခြောက်တာမျိုးတွေ ကြုံရတယ်လို့ ဆိုပါတယ်။
ဒီလိုမျိုး အတူမနေလိုဘဲ အတင်းအဓမ္မ အတူနေခိုင်းတာဟာလည်း အိမ်တွင်းအကြမ်းဖက်မှုပဲလို့ ထားဝယ်အမျိုးသမီးသမဂ္ဂက လုပ်ငန်းစဉ်တာဝန်ခံ မယ်ကြင်က ပြောပါတယ်။ ထားဝယ်အမျိုးသမီးသမဂ္ဂဟာ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ကိစ္စတွေ အပါအဝင် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့ဖြစ်ပါတယ်။
“ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာပါ တစ်ခါတည်းပါသွားပြီးသား။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုက ဘယ်လိုမျိုးလဲဆိုတော့ သူ မအိပ်ချင်ဘဲလည်း အိပ်ရတယ်ပေါ့နော်။ လင်မယားကြားမှာလေ။ အတင်းအဓမ္မ အိပ်ဆို အိပ်ပေးရမယ်ဆိုတဲ့ ပုံစံမျိုးတွေကအစ လိင်ပိုင်းဆိုင်ရာ (အကြမ်းဖက်မှု) မှာ ပါတယ်” လို့ မယ်ကြင်က ပြောဆိုပါတယ်။
ကလေးအပေါ် အိမ်တွင်းလိင်အကြမ်းဖက်မှု
လင်မယားကြားအပြင် ကလေးငယ်အပေါ် အုပ်ထိန်းသူတွေက အိမ်တွင်း လိင်အကြမ်းဖက်တာလည်း ရှိနေပါတယ်။ လောင်းလုံးမြို့နယ်မှာဆိုရင် အသက် ၈နှစ်အရွယ် မိန်းကလေးငယ်အပေါ် အကြိမ်ကြိမ် မုဒိမ်းမှုကျူးလွန်တဲ့ ဖြစ်ရပ်တစ်ခု ရှိတယ်လို့ ထားဝယ်အမျိုးသမီးသမဂ္ဂဆီကနေ သိရပါတယ်။
အဲဒီကလေးဟာ မိဘတွေက ထိုင်းမှာအလုပ်သွားလုပ်နေတာကြောင့် အဘွားဖြစ်သူနဲ့အတူ နေထိုင်နေတာပါ။ အဘွားမှာ နောက်အိမ်ထောင်ပြုထားတဲ့ အဘိုးတော်စပ်သူလို့ဆိုရမယ့်သူက ကလေးငယ်ကို မုဒိမ်းမှု ကျူးလွန်တာလို့ ဆိုပါတယ်။
“ထပ်ခါထပ်ခါ နှစ်ပေါင်းအကြာကြီးပဲ မုဒိန်းကျင့်ထားတာ။ ဘာဖြစ်လို့လဲ (အခုလိုဖြစ်ရတာလဲ) ပြန်မေးလိုက်တဲ့အခါမှာ တိုင်ကြားရတဲ့ နေရာမသိတာမြင်ရတယ်။ နောက်တစ်ခုက ကျူးလွန်သူတွေက ဒီအချိန်မှာ ငါတို့ကျူးလွန်လည်း ဖြေရှင်း ပေးဖို့ လူမရှိဘူး။ တိုင်ကြားဖို့ လူမရှိဘူး။ အဲဒါရဲ့ လိုအပ်ချက်ကိုမြင်ပြီးတော့ သူတို့က ကျူးလွန်ကြတယ်ပေါ့နော်။ ပိုပြီး အတင့်ရဲလာတာပေါ့” လို မယ်ကြင်က ပြောပါတယ်။
အဘွားဖြစ်သူကလည်း ကလေးငယ်အပေါ် ရိုက်နှက်တာတွေ လုပ်ဆောင်တဲ့အပြင် အစားအသောက်ကိုလည်း မဝရေစာပဲ ကျွေးတယ်လို့ ဆိုပါတယ်။
“အဲဒီအမှုက တရားခံကို ပကဖက ဖမ်းပြီးပြီ။ ဘယ်လိုစီရင်မလဲ ကျွန်မတို့မသိသေးဘူး။ သူ့အဘွားကိုက ဘာမှ မလုပ်ဘူး။ ကလေးမလေးက သူ့မိဘတွေရှိတဲ့ ထိုင်းကို သွားပြီ” လို့ မယ်ကြင်က ပြောဆိုပါတယ်။
အကြမ်းဖက်မှုတွေ တွေ့ရများလာ
အိမ်တွင်း အကြမ်းဖက်မှုဟာ ချစ်သူရည်းစားကြားမှာလည်း ဖြစ်ပွားလေ့ရှိပါတယ်။ ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကတော့ ချစ်သူရည်းစားကြား လူမြင်ကွင်းမှာ ရိုက်နှက်တာကို ကိုယ်တိုင် ကြုံဖူးတယ်လို့ ပြောဆိုပါတယ်။ ချစ်သူ အမျိုးသားက နောက်တစ်ယောက်နဲ့ တွဲနေတာကို ချစ်သူအမျိုးသမီး သိသွားရာကနေ ပြဿနာဖြစ်ကြတာလို့ ဆိုပါတယ်။
“ပြဿနာရှာတာကို ယောကျ်ားက မကျေနပ်လို့ ကောင်မလေးကို ကိုယ်တွေရှေ့မှာပဲ ထန်းတောထဲမှာ သူ့ကိုခြေနဲ့ကန်ပြီး တစ်ကိုယ်လုံး နာကျင်သွားအောင်အထိ လုပ်တာတွေကိုမြင်ဖူးတယ်။ အဲဒီအချိန်တုန်းက ကိုယ်တွေလည်း ကြည့်နေမနိုင်လို့ အော်ဟစ်ပြီးတော့ ဝင်ဆွဲဖူးတယ်” လို့ သူက ပြောပါတယ်။ အာဏာသိမ်းခါစက ကြုံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုကို သူက ပြန်ပြောင်း ပြောပြတာပါ။
မြိတ်မြို့ခံ အမျိုးသမီးတစ်ဦးဆိုရင်လည်း အာဏာသိမ်းကာလအတွင်း နေထိုင်ရာ ပတ်ဝန်းကျင်မှာ လင်မယားကြားရိုက်နှက်မှုလို အိမ်တွင်းအကြမ်းဖက်မှုတွေ မြင်တွေ့ရတာ များလာတယ်လို့ ဆိုပါတယ်။
“အရင်ကထက် အများကြီးဖြစ်နေတယ်။ ဒါပေမဲ့ သူတို့ဘာသာသူတို့ အောက်ခြေမှာပဲပြီးသွားတယ်ဆိုတာက ပိုများတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ကြားနေ မြင်နေရတဲ့ဟာကို ပြောတာပေါ့နော်” လို့ သူက ပြောပါတယ်။
လက်ရှိ နိုင်ငံရေးအခြေအနေအရ တိုင်တန်းဖို့ အဆင်မပြေတာ၊ ဘယ်နေရာမှာ တိုင်တန်းရမယ်ဆိုတာကို မသိတာတွေကြောင့် အိမ်တွင်းပြဿနာ အိမ်ထဲမှာပဲ ကြိတ်ဖြေရှင်းနေကြရတာမျိုး၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးမှာ သွားဖြေရှင်းတာမျိုးလောက်နဲ့ ပြီးသွားတာမျိုးတွေ တွေ့ရတယ်လို့လည်း သူက ဆက်လက်ပြောဆိုပါတယ်။
ရပ်ကျေးအဆင့်မှာ ဖြေရှင်းတာတွေမှာဆိုရင် နောက်မဖြစ်အောင် ဩဝါဒပေး၊ ကတိခံဝန်ထိုးခိုင်းရုံ၊ တောင်းပန်ရုံနဲ့ ပြီးလေ့ ရှိပြီး စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဆိုရင် လက်ခံဖြေရှင်းတာတောင် မရှိဘူးလို့ ဒေသခံတချို့ဆီကနေ သိရပါတယ်။
အသက်အန္တရာယ် ရှိတော့မှ တိုင်တန်း

ထားဝယ်ဒေသမှာ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ထားဝယ်အမျိုးသမီးသမဂ္ဂဆီကို တိုင်တန်းတာတွေ ရှိနေ ပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လကနေ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ လာတိုင်တဲ့ အမှုပေါင်း ၃၀ ထဲမှာ အိမ်တွင်း အကြမ်းဖက်မှု က ၁၁ မှု ပါဝင်တယ်လို့ သိရပါတယ်။
အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ် စာရင်းအရဆိုရင် အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးကို ရောက်တာ ၁၈မှု၊ ထားဝယ်အမျိုးသမီးသမဂ္ဂဆီ ၅၈ မှုနဲ့ မြိတ်အမျိုးသမီးရေးရာအဖွဲ့ဆီကိုတိုင်ကြားတာ ၂၆ မှုရှိခဲ့ပါတယ်။ အဲဒီကာလနဲ့ နှိုင်းယှဉ်ရင် ဖြစ်ပွားမှုကျသွားတယ်လို့ ထင်ရပေမယ့် မြေပြင်မှာတော့ အိမ်တွင်းအကြမ်းဖက်မှုတွေ လျော့ကျမသွားဘူးလို့ ထားဝယ်အမျိုးသမီးသမဂ္ဂက လုပ်ငန်းစဉ်တာဝန်ခံ မယ်ကြင်က ဆိုပါတယ်။
အိမ်တွင်းအကြမ်းဖက်မှု နည်းသွားတာမဟုတ်ဘဲ တိုင်တန်းမှု နည်းလာတာသာဖြစ်တာကို တွေ့ရတယ်လို့ သူကဆိုပါတယ်။
အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တိုင်တန်းရမယ်မှန်းမသိတာ၊ ဘယ်အဖွဲ့အစည်းကို တိုင်ရမယ်မှန်း မသိတာတွေကြောင့်လို့ ဆိုပါတယ်။ ထားဝယ်အမျိုးသမီးသမဂ္ဂ ကိုယ်တိုင် သမဂ္ဂရဲ့ ဝန်ဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် မဖြန့်ဝေနိုင်တာကလည်း အမှုလာတိုင်တာ နည်းသွားတာလို့ မယ်ကြင်က ပြောဆိုပါတယ်။
ဒါ့အပြင် ဒီလိုမျိုး ဖြစ်ရပ်တွေကို တိုင်တန်းရင် ခင်ပွန်းသည်တွေရဲ့ ခြိမ်းခြောက်မှုကို ခံရတာ၊ တိုင်တန်းရင်လည်း သေသေချာချာ အရေးယူမှု အားနည်းတာတွေကြောင့် ရပ်ကျေးအဆင့်မှာ ကိုယ့်ဘာသာ ဖြေရှင်းကြတာတွေ များတယ်လို့ ဆိုပါတယ်။ လာတိုင်တဲ့အမှုတွေမှာဆိုရင် အကြိမ်ကြိမ်အခါခါ အကြမ်းဖက်ခံရပြီးမှ ရောက်လာလေ့ရှိပါတယ်။
“ကျွန်မတို့ဒေသမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အယူအဆက အိမ်ထောင်ရေးမပြိုကွဲချင်လို့ အောင့်အီးသည်းခံပြီးတော့ ပေါင်းနေ တာတွေ၊ သားသမီးတွေ မိဘအစုံရှိစေချင်လို့ အောင့်အီးသည်းခံပြီး နောက်ဆုံးသူတို့ သည်းမခံနိုင်ဘဲ နောက်ဆုံးမှ ရောက်လာ တာ တွေရှိတယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိဖြစ်မှ ရောက်လာတဲ့ အမှုတွေလည်းရှိတယ်ပေါ့နော်” လို့ မယ်ကြင်က ပြောပါတယ်။
မဂန္ဓမာရဲ့ဖြစ်ရပ်မှာဆိုရင်လည်း အကြိမ်ကြိမ် ရိုက်နှက်ခံရ၊ အသက်အန္တရာယ် ရန်ပြုခံရတာတွေ ဖြစ်ပြီးနောက်မှာပဲ ထားဝယ် အမျိုးသမီးသမဂ္ဂဆီသို့ ရောက်လာတာပါ။ ဒါတောင် ဘေးပတ်ဝန်းကျင်က ဆက်သွယ်အကူအညီတောင်းပေးခဲ့ တာပါ။
ထားဝယ်အမျိုးသမီးသမဂ္ဂက စီစဉ်ပေးတဲ့နေရာမှာ လနဲ့ချီကြာနေထိုင်ပြီးနောက် သမဂ္ဂရဲ့ ထောက်ပံ့ ငွေနဲ့နေနေရတာကို လိပ်ပြာမလုံတော့တာ၊ အလုပ်အကိုင်မရှိ ဝင်ငွေမရှိ ဖြစ်နေချိန် ခင်ပွန်းသည် အစ်မဝမ်းကွဲဖြစ်သူက အတူနေဖို့ ပြန်လာခေါ် တာကြောင့် ရေရှည်ဘဝရပ်တည်ရေးအတွက် စဉ်းစားပြီး ပြန်ထွက်လာခဲ့တယ်လို့ မဂန္ဓမာက ပြောပါတယ်။
ရုန်းထွက်ဖို့ခက်
ခင်ပွန်းဖြစ်သူရဲ့ အစ်မဝမ်းကွဲ ရွာမှာ ရက်အနည်းငယ်နေထိုင်ပြီးနောက် ဆက်လက်နေထိုင်ဖို့ လက်မခံတော့တာကြောင့် ခင်ပွန်းနဲ့ အတူနေတဲ့ ယောက္ခမအိမ်ကိုပင် မဂန္ဓမာက ပြန်လာရပြန်ပါတယ်။ ခင်ပွန်းသည်ရဲ့ အစ်မဝမ်းကွဲ ရွာနဲ့ ယောက္ခမရဲ့ ရွာတွေက တစ်မြို့နယ်ထဲမှာ ရှိတာဖြစ်ပါတယ်။
ကြိုက်သလောက်နေလို့ ပြောပြီးခေါ်လာပေမယ့် ရက်ပိုင်းအကြာမှာ ခင်ပွန်းသည်ကို ပြန်လာခေါ်ခိုင်းသလို မဂန္ဓမာ နေ့စား အလုပ်သွားလုပ်နေချိန် ကလေးကို ယောက္ခမအိမ်သို့ ပို့လိုက်တယ်လို့ ဆိုပါတယ်။ ကလေးကိုသွားခေါ်ပြီး ပြန်လာပေမယ့် ခင်ပွန်းရဲ့ အစ်မဝမ်းကွဲအိမ်က လက်မခံတာကြောင့် ယောက္ခမအိမ်ပဲ ပြန်ခဲ့ရတာပါ။ တစ်နှစ်အရွယ် ရင်ခွင်ပိုက် ကလေးနဲ့ ဖြစ်တဲ့အပြင် မိဘကျောထောက်နောက်ခံ မရှိတော့ သွားစရာနေရာလည်း မရှိဘူးလို့ ဆိုပါတယ်။
“ကိုယ့်မှာ ရွေးချယ်စရာလမ်းလည်းမရှိ သွားစရာ လာစရာလည်းမရှိဆိုတော့ သူ့နားမှာပဲ လိမ္မာပေါင်း ပေါင်းပြီး နေလိုက် ရတယ်ဆိုတဲ့ သဘောမျိုးမျှပဲ” လို့ မဂန္ဓမာက ပြောပါတယ်။
ခင်ပွန်းဖြစ်သူဟာ လုပ်အားခတွေကို မအပ်ဘဲ အသေးသုံးအတွက်ပဲ ငွေကြေး ငါးသောင်းစ၊ တစ်သိန်းစသာ ပေးလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ ကလေးတစ်ဖက်နဲ့ နေ့စားအလုပ်လုပ်နေပေမယ့် အသုံးစရိတ်ပင် ကာမိဖို့ပင် အနိုင်နိုင်။ ဒါကြောင် ထိုင်းမှာ အလုပ်လုပ်သွားလုပ်ဖို့ ဆန္ဒရှိနေပါတယ်။
မဂန္ဓမာလို အိမ်တွင်းအကြမ်းဖက်ခံရမှုထဲက ရုန်းမထွက်နိုင်ကြသူတွေရဲ့ အများစုဟာ အာဏာသိမ်းကာလမှာ လုံလောက်တဲ့ ဝင်ငွေ မရှိကြဘူးလို့ မယ်ကြင်က မှတ်ချက်ပြုပါတယ်။ အလုပ်အကိုင် ရှားပါးတာ၊ ဝင်ငွေ နည်းတာ ကြုံနေရချိန် ကုန်စျေးနှုန်းက မိုးထိနေတာတွေကြောင့် ရပ်တည်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။
မလုံခြုံတဲ့ ခေတ်ကြီးမှာ အမျိုးသမီးတွေဟာ တစ်နေရာကနေ တစ်နေရာ အလုပ်သွားရမှာကိုတောင် ကြောက်လန့်ရတဲ့ အခြေအနေမျိုးတွေလည်း ရှိနေပါတယ်။
“အမျိုးသမီးတွေက အလုပ်သွားလုပ်ရဖို့ ကြောက်လာတယ်ပေါ့နော်။ လုံခြုံရေးလို့ပြောတဲ့အခါမှာ စစ်တပ်နဲ့ တိုးမိမယ် ပျူစောထီးတွေနဲ့ တိုးမိမှာကြောက်ပြီး အလုပ်လုပ်ဖို့အတွက်လည်း သူတို့တွေ ကြောက်လာတာတွေမျိုး ရှိတယ်ပေါ့နော်။ အဲဒီတော့ သူတို့တွေက ရုန်းမထွက်နိုင်တာတွေမျိုး တွေ့ရတယ်ပေါ့” လို မယ်ကြင်က ပြောဆိုပါတယ်။
သားသမီးရှိတဲ့ အခြေအနေမျိုးမှာဆိုရင် သားသမီးနဲ့ ရပ်တည်ဖို့ လုံလောက်တဲ့ဝင်ငွေမရှိရင် ရုန်းထွက်ဖို့ ပိုတောင် ခက်ပါသေးတယ်။
အကြမ်းဖက်မှုလို့ မမြင်ကြတာက ပြဿနာ
လင်မယားကြား ရန်ဖြစ်ကြတာကို လင်နဲ့မယား လျှာနဲ့သွားဆိုပြီး ဖြစ်လေ့ဖြစ်ထ ဖြစ်ရပ်တစ်ခုလို ရှုမြင်ကြပြီး အိမ်တွင်း အကြမ်းဖက်မှု ပြဿနာတစ်ရပ်အဖြစ် မရှုမြင်ကြတာကလည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။
စစ်အာဏာသိမ်း ဖြစ်စဉ်နောက်ပိုင်းမှာ အမျိုးသမီးအရေး အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများစွာက နောက်ရောက်ပြီး မှေးမှိန် သွားပါတယ်။ တရားဥပဒေစိုးမိုးမှုဟာလည်း ပျက်ယွင်းသွားတယ်။ ဒီလိုအခြေအနေတွေမှာ အိမ်တွင်းအကြမ်းဖက်မှု အရေး အပေါ် အာရုံစိုက်မယ့်သူတွေ လျှော့သထက် လျှော့သွားပါတယ်။ အိမ်တွင်းအကြမ်းဖက်ခံရသူတွေရဲ့ အသံဟာလည်း တိတ်သထက် တိတ်လာပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းမှာ မယားကိုရိုက်တာ အပြစ်မဟုတ်ဘူးဆိုတာမျိုး တွေးနေကြတဲ့ သဘောမျိုးဖြစ်နေတယ်လို့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို ကိုယ်တိုင်မြင်ဖူးတဲ့ ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်တွေမှာ ဥပဒေအရ အရေးယူဖို့ ကြိုးပမ်းတာတွေ လုပ်ဆောင်မှုနည်းပြီး ရပ်ကျေးအဆင့်မှာ ညှိနှိုင်းဖြေရှင်းကြတာ ဒါမှမဟုတ် ကိုယ်ဟာကိုယ် ကြိတ်ဖြေရှင်းတာမျိုးတွေပဲ လုပ်ဆောင်လေ့ရှိကြပါတယ်။
စစ်အာဏာရှင်တပ် ထိန်းချုပ်နယ်မြေတွေမှာလည်း အရပ်သားပြည်သူတွေ နစ်နာတဲ့ ဖြစ်စဉ်တွေအပေါ် အရေးတယူ ဆောင်ရွက်မှု မရှိတာ၊ ရဲစခန်းသွားရမှာ ကြောက်လန့်လို့ မသွားရဲတာတွေကြောင့် အိမ်တွင်းအကြမ်းဖက်မှုအတွက် တိုင်တန်းမှုတွေ နည်းသွားတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေက ထောက်ပြပါတယ်။
တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်နယ်မြေမှာ ဆိုရင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းကို တိုင်ကြားပေမယ့် ထိရောက်တဲ့ အပြစ်ပေး အရေးယူတာ အားနည်းတာကြောင့်လည်း တိုင်ကြားမှုနည်းတယ်လို့ ထားဝယ်အမျိုးသမီးသမဂ္ဂက လုပ်ငန်းစဉ်တာဝန်ခံ မယ်ကြင်က ဆိုပါတယ်။
ဒါ့ကြောင့် ကျူးလွန်သူတွေ ပိုအတင့်ရဲလာစေတယ်လို့ ထောက်ပြမှုတွေလည်း ရှိပါတယ်။
“အဓိကတော့ စနစ်တစ်ခု ပျက်စီးသွားတဲ့အချိန်မှာ အဲဒါက သူတို့ (ကျူးလွန်သူတွေ) အတွက် အခွင့်အရေးတစ်ခု ဖြစ်လာ တယ်ပေါ့။ အရင်တုန်းကဆိုရင် အဲဒီလိုဖြစ်လာရင် တရားရုံးသွားရတယ်။ အဲဒီစနစ်က အခုအချိန်မှာမရှိတော့ အဲဒါက (ကျူးလွန်သူတွေအတွက်) အားသာချက်တစ်ခု ဖြစ်နေတာပေါ့နော်” လို့ မယ်ကြင်က လောင်းလုံးက ကလေးငယ် အိမ်တွင်း လိင်အကြမ်းဖက်ခံရမှုနဲ့ပတ်သက်လို့ ပြောဆိုရာမှာ ထည့်သွင်းမှတ်ချက်ပြုပါတယ်။
မြိတ်မြို့ခံ အမျိုးသမီးတစ်ဦးကလည်း အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ရင် အခုကာလမှာ အရေးယူမှု အားနည်း တာကြောင့် တိုင်လို့လည်း မထူးဘူးလို့ယူဆတာ၊ ကျပ်တည်းနေတဲ့ အခုလိုကာလမှာ ငွေကုန်ကြေးကုန်ကျများမှာ စိုးရိမ်တာ၊ တခြားသော နောက်ဆံတင်းရမယ့် ကိစ္စတွေရှိနေတာ၊ အာဏာမသိမ်းခင်ကလို အမျိုးသမီးအရေး ဆောင်ရွက်ပေးတဲ့အဖွဲ့တွေ အားနည်းသွားတာတွေကြောင့် မတိုင်ကြတော့ဘူးလို့ ဆိုပါတယ်။
“အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ပက်သက်ပြီး (အာဏာမသိမ်းခင်) ဟိုးအရင်ကတည်းကတောင်မှ ထိထိရောက်ရောက် အရေးယူနိုင်တာ မရှိဘူး။ အရေးယူနိုင်တာတွေ မရှိတဲ့အခါကျတော့ အခုအခြေအနေမျိုးမှာ ပိုပြီးတော့တောင်မှ ထိထိ ရောက်ရောက်လုပ်နိုင်တဲ့ဟာ မရှိတဲ့အတွက်ကြောင့် သွားမတိုင်တာတွေပါတယ်” လို့ သူက ပြောပါတယ်။
ဒီလိုအခြေအနေမှာ အိမ်တွင်းအကြမ်းဖက်ခံရသူတွေအပေါ် နှစ်သိမ့် ကူညီ လမ်းညွှန်ပေးနိုင်မယ့်သူတွေ၊ အဖွဲ့အစည်းတွေ အားကောင်း လာရင်တော့ ပိုမိုအကာအကွယ် အကူအညီဖြစ်မယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ လက်ရှိမှာတော့ ကျူးလွန်ခံရသူတွေဟာ အကြိမ်ကြိမ် ကျူးလွန်ခံနေရပေမယ့် တရားမျှတမှုကို ဆုံးရှုံးနေကြရပါတယ်။ မဂန္ဓမာဆိုရင် အကြမ်းဖက်ခံရမှုတွေအတွက် တရားမျှတမှုကို လိုချင်တယ်လို့ ပြောဆိုပါတယ်။
“ကျွန်မဖြစ်ချင်တာက သူကျွန်မကို ရိုက်ထား ထိုးထားတာတွေအတွက် အပြစ်ပေး အရေးယူတာမျိုးတွေပဲလိုချင်တယ်” လို့ သူက ပြောပါတယ်။ အခုတော့ ငွေကြေးလည်း မတတ်နိုင်၊ အရေးယူနိုင်မယ့် လမ်းကြောင်းလည်း မတွေ့လို့ ဒီအတိုင်း သည်းခံ နေရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မိဘတွေလည်း မရှိ ကျောထောက်နောက်ခံပေးမယ့် မှီခိုနိုင်မယ့် ဆွေမျိုးအသိုင်းအဝိုင်းလည်း မရှိတာကြောင့် ယောက္ခမ အိမ်မှာပဲ ဆက်နေထိုင်ရပါတယ်။ နောက်ဆုံးအကြိမ် အိမ်မရောက်ခင်မှာ ခင်ပွန်းသည် လှေလိုက်သွားတာကြောင့် နှစ်လကျော်အထိ ပြန်မဆုံဖြစ်သေးပေ။ လှေပြန်ဝင်ချိန် အရင်လို ရိုက်နှက်တာတွေ ထပ်လုပ်မှာကိုလည်း စိုးရိမ်နေပါတယ်။
“သူနဲ့ နှစ်ယောက်တည်း အတူတူနေဖို့ကို ကြောက်နေတာပေါ့” လို့ မဂန္ဓမာက ပြောဆိုပါတယ်။