မြိတ်မြို့ ရေနံမြေရပ်ကွက်ရှိ နာရေးအိမ်ကို စစ်အာဏာရှင်တပ်သားများက ဝင်ရောက်စီးနင်းပြီး အရပ်သားနှစ်ဆယ်ကျော်ကို ဖမ်းဆီးသွားကြောင်း ဒေသခံများနှင့် ဖမ်းဆီးခံရသူ မိသားစုဝင်များထံမှ သိရသည်။
စက်တင်ဘာ ၈ ရက် ည ၁၁ နာရီဝန်းကျင်တွင် ရေနံမြေရပ်ကွက်၊ အိုးလုပ်ပြင်ကမ်းရှိ နာရေးအိမ်ကို စစ်အာဏာရှင်တပ်သားများနှင့် ပျူစောထီးများက ကားနှစ်စီးဖြင့်ရောက်လာပြီး အရပ်သား ၂၀ ကျော်ကို ဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ဆိုသည်။
အဆိုပါ နာရေးအိမ်က တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာနေသူများနှင့်နီးစပ်သည့်အတွက် အဖမ်းခံရသူ အားလုံးနီးပါးကလည်း နာရေးအိမ်သို့လာသည့် အဆိုပါကျေးရွာသွားများဖြစ်ကြောင်း မြို့ခံများက ပြောသည်။
“ကားတွေနဲ့ဝင်လာပြီးတော့ လမ်းပိတ်လိုက်တယ်။ ရပ်ကွက်သားတွေကိုတော့ တစ်စု စုလိုက်တယ်။ ရွာဘက်ကသူတွေကိုကျတော့ ဓာတ်ပုံနဲ့တကွလာတယ်။ အားလုံးဘယ်နှစ်ယောက်မသိဘူး သူတို့ (စစ်အာဏာရှင်တပ်)က ခေါ်ဆောင်သွားတာ” ဟု မြို့ခံတစ်ဦးက ဆိုသည်။
စစ်အာဏာရှင်တပ်ဘက် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးလည်းပါလာခဲ့ပြီး ဖမ်းဆီးချိန်တွင် စစ်အာဏာရှင်တပ်သားနှင့် ပျုစောထီးများက အမျိုးသမီးအချို့ကိုလည်း ရိုက်နှက်ခဲ့ကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။
လက်ရှိတွင် ဖမ်းဆီးထားသူများကို မြိတ်မြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း စက်တင်ဘာလ ၁၀ ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း အဖမ်းခံရသူများ၏မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။