BREAKING
October 19, 2025

ကျွန်းစုပင်လယ်ပြင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်

September 11, 2025

ပုံစာ - ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်များ။ (ပုံဟောင်း)

ကျွန်းစုမြို့နယ် မိုင်းတွေးကျေးရွာအနီး ပင်လယ်ပြင်တွင် စစ်အာဏာရှင်ရေတပ် စစ်သင်္ဘောနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ‌ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာလ ၉ ရက်နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်၏ အမှတ် 116 ရေတပ်စစ်သင်္ဘောနှင့် အင်အား ၂၀ ခန့်ပါ ပျူစောထီးစက်လှေနှင့် ကျွန်းစုပကဖတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်ပစ်ခတ်မှု မိနစ်၂၀ ခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်သားတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရသွားကြောင်း ကျွန်းစုမြို့နယ် ပကဖပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“စကစဘက်က ထိခိုက်မှုကတော့ တစ်ယောက်မြစ်ထဲကြပြီး သေတယ်။ နှစ်ယောက် ထိခိုက်ဒဏ်ရာ ရတယ်လို့တော့ကြားထားရတယ်။ အသေးစိတ်‌တော့ အတိအကျမသိရသေးဘူး”ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တော်လှန်ရေးတပ်များဘက်ကမူ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်အာဏာရှင်တပ် စစ်သင်္ဘောနှင့် ပျူစောထီးလှေက မောင်းပြေးသွားကြောင်း ၎င်းက ဆိုသည်။

ကျွန်းစုပင်လယ်ပြင်တွင် စစ်အာဏာရှင်ရေတပ်စစ်သင်္ဘောများ မကြာခဏကင်းလှည့် စောင့်ကြည့်နေပြီး ငါးဖမ်းလှေများ ၊စက်လှေကြီးများနှင့် အမြန်ရေယာဉ်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို ဆန်ရိက္ခာသယ်ဆောင်ခွင့်ကန့်သတ်ထားပြီး ရေတပ်စစ်သင်္ဘောများက စစ်ဆေးကာ ဆန်အပါအဝင် ပစ္စည်းများသိမ်းယူလေ့ရှိသည်။