နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်သည့် ပိုလန်လေပိုင်နက်အတွင်းသို့ ရုရှားဒရုန်းအစီးရေ တော်တော်များများ ကျူးကျော်ဝင်ရောက်မှု ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့တွင် နေတိုးစစ်မဟာမိတ် အဖွဲ့ဝင်နိုင်ငံများအကြား တွေ့ဆုံဆွေးနွေးမှု လျှင်မြန်စွာ ပြုလုပ်ခဲ့သည်။
ယနေ့ နံနက်အစောပိုင်းက ပိုလန်လေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည့် ရုရှားဒရုန်းများကို ပိုလန်တိုက်လေယာဉ်များနှင့် နေတိုးအဖွဲ့ဝင် နယ်သာလန်တိုက်လေယာဉ်များက ပစ်ချခဲ့ဟုဆိုသည်။
ယင်းကြောင့် ပိုလန်သည် ရုရှား-ယူကရိန်းစစ် စတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး ကျည်ဖောက်လိုက်သည့် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။
ပိုလန်နိုင်ငံထဲသို့ ရုရှားဒရုန်းကျူးကျော်မှုသည် ရုရှား – ယူကရိန်းစစ် စတင်ပြီးနောက်ပိုင်း ယူကရိန်းအပေါ် ရုရှားက အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ၃ ရက်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
နေတိုးအဖွဲ့၏ ဌာနချုပ်၌ ယနေ့ ပြုလုပ်သည့် ဆွေးနွေးမှုများမှာ မြောက်အတ္တလန္တိတ်ကောင်စီ(North Atlantic Council) ဟု သိကြသည့် နေတိုးအဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံမှ သံအမတ်များ၏ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲဖြစ်သည်။
သို့သော် ယင်းတွေ့ဆုံမှုမှာ နေတိုးအဖွဲ့၏ အခြေခံမူဖြစ်သည့် ပုဒ်မ ၄ အရ ပေါ်ပေါက်လာသည့် တွေ့ဆုံမှုဖြစ်ကြောင်း ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်ခ်က ဆိုသည်။
ရုရှား၏ ယူကရိန်းကျူးကျော်စစ်စတင်ခဲ့သည့်အစောပိုင်းကာလတွင်လည်း ပိုလန်သည် နေတိုးအဖွဲ့ဝင်နိုင်ငံများအကြား ပုဒ်မ ၄ ယင်းသို့ ဆွေးနွေးကြရန် တောင်းဆိုတင်ပြခဲ့ဖူးသည်။
သို့သော် ပုဒ်မ ၄ အရ နေတိုးအဖွဲ့ အစည်းအဝေးကျင်းပတိုင်း ပုဒ်မ ၅ ကို ချမှတ်ခြင်း မရှိပါ။
ပုဒ်မ ၅ သည် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုခု တိုက်ခိုက်ခံရလျှင် ကျန်အဖွဲ့ဝင်နိုင်ငံများအားလုံး တိုက်ခိုက်ခံရသည်ဟု မှတ်ယူကာ တုံ့ပြန်ဆောင်ရွက်ရမည်ဟု သတ်မှတ်ထားသော ပုဒ်မ ဖြစ်သည်။
Source: Associated Press







