စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ထိပ်တိုက်တိုးမိပြီးနောက် ဖမ်းဆီးခံလိုက်ရသည့် လောင်းလုံးဒေသခံ အမျိုးသားသုံးဦး ယနေ့ ဩဂုတ်လ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
သြဂုတ်လ ၉ ရက် မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့မှ ပြင်းထိန်ရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် လောင်းလုံးမြို့ခံ အမျိုးသားတစ်ဦးနှင့် ပြင်းထိန်ရွာသားနှစ်ဦးဖြစ်သည့် ကိုဖြိုးမောင်မောင်နှင့် ကိုမင်းကိုနိုင်တို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ရဲစခန်းသို့ လိုက်သွားပြီး အကျိုးအကြောင်းရှင်းပြရာက ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ပြင်းထိန်ရွာခံတစ်ဦးက ပြောသည်။
“ရဲစခန်းကနေပဲ ပြန်လွှတ်ပေးလိုက်တာ။ လွတ်အောင် ပိုက်ဆံတွေပေးရသေးလားဆိုတာတော့ မသိရဘူး” ဟု ၎င်းက ဆိုသည်။
အထက်ပါ အမျိုးသား သုံးဦးစလုံးမှာ အရပ်သားများဖြစ်ကြပြီး စစ်အာဏာရှင်တပ်စစ်ကြောင်းဝင်လာကြောင်း သတင်းကြားသည့်အတွက် နေအိမ်သို့ ပြန်လာကြချိန် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ပြင်းထိန်ရွာထဲသို့ ရောက်ရှိနေစဥ် နေအိမ်တစ်လုံးက ဖုန်း သုံးလုံးနှင့် ငွေကျပ် တစ်သိန်း၊ နောက်နေအိမ်တစ်လုံးက ကျပ်ရှစ်သောင်း ယူဆောင်သွားကြောင်း အထက်ပါ ပြင်းထိန်ရွာခံက ပြောဆိုသည်။
“ဖုန်းသုံးလုံး ယူသွားတာက နှစ်လုံးပြန်ပေးလိုက်တယ်။ ကောင်းတဲ့တစ်လုံးက ယူခဲ့တာ။ အဲဒီတစ်လုံးက ကာလတန်ဖိုး ၁၃ သိန်းလောက်ရှိမယ် ပြောတယ်” ဟု ၎င်းက ပြောသည်။
အဖမ်းခံရသည့်အမျိုးသား သုံး ဦးအနက် ကိုမင်းကိုနိုင်မှာ ဖမ်းဆီးခံထားရချိန် ရိုက်နှက်ခံရသဖြင့် ဒဏ်ရာအချို့ ရရှိခဲ့ကြောင်းလည်း မျက်မြင်တွေ့ရသူများ ပြောပြချက်ကို ကိုးကားပြီး ပြင်းထိန်ရွာခံ အခြားတစ်ဦးက ဆိုသည်။
“လမ်းမှာကတည်းက PDF လား မေးမေးပြီး ထိုးသေးတာတဲ့။ မျက်ခုံးတွေဆို တော်တော်ရောင်နေတယ်တဲ့။ နံရိုးတွေလည်း နာနေသေးတယ်ကြားတယ်” ဟု ၎င်းက ပြောဆိုသည်။
သြဂုတ်လ ပထမပတ်အတွင်းကလည်း လောင်းလုံးမြို့အနီး စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ထိပ်တိုက်တိုးမိသည့် လောင်းလုံးဒေသခံအချို့ ဖမ်းဆီးခံရပြီး နောက်ပိုင်းတွင် ပြန်လွတ်လာကြသည်။