BREAKING
October 19, 2025

ရက်နှစ်ဆယ်နီးပါးပိတ်ထားသည့် မြိတ်-ပုလော ပြည်ထောင်စုကားလမ်း ပြန်ဖွင့်

August 11, 2025

တိုက်ပွဲများကြောင့် ရက်နှစ်ဆယ်နီးပါးအကြာပိတ်ထားသည့် မြိတ်- ပုလော ပြည်ထောင်စုကားလမ်းကို ပြန်လည်သွားလာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ထုတ်ပြန်သည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် အသုံးပြုသွားလာခွင့်ပိတ်ခဲ့သည့် အဆိုပါလမ်းပိုင်းကို ဩဂုတ်လ ၁၂ ရက် ကစပြီး အသုံးပြုနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလမ်းပိုင်းရှိ ပလမြို့နှင့်အနီးဝန်းကျင်တွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် စစ်ကြောင်းထိုးနေခြင်းကြောင့် တိုက်ပွဲဖြစ်ကာ အရပ်သား ဒါဇင်ချီသေဆုံးခဲ့သည်။

ထိုကြောင့် ယင်းလမ်းပိုင်းအသုံးပြုသွားလာခြင်းကို မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ကန့်သတ်ခဲ့ခြင်းဖြစ်သည်။

မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း၏ ထုတ်ပြန်ချက်တွင် ဇူလိုင်လ ၂၄ ရက်မှ ဩဂုတ်လ ၉ ရက်နေ့အတွင်း ပလမြို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် မြိတ်-ပုလောကားလမ်းကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“လမ်းကတော့ ဖြတ်လို့ရပါပြီ။ ကားလမ်းအကြာကြီးပိတ်ထားရင်လည်း ပြည်သူတွေမှာ သွားရေးလာရေးအပါအဝင် အခက်အခဲတွေရှိတယ်ပေါ့။ အဲကြောင့်လောလောဆယ်ပြန်ဖွင့်ပေးထားတယ်။ ဒါပေမဲ့ သတိထားစေချင်တယ်” ဟု မြိတ်ခရိုင်၊ PDF အမှတ်(၁)တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြည်သူများအနေဖြင့် ကားကို အမြန်မမောင်းရန်နှင့် မှန်ချပြီးမောင်းရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ပလမြို့ခံများအနေဖြင့် မြို့တွင်းတွင်သွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်က မေတ္တာရပ်ခံထားသည်။

“စစ်ရေးနဲ့ပတ်သက်ပြီး အသေးစိတ်ပြောလို့မရပေမယ့် အချိန်မရွေးတိုက်ပွဲပြန်ဖြစ်နိုင်တယ်။ စိတ်ချရတဲ့ အနေအထားမဟုတ်တော့ မြို့ခံတွေကို မြို့ထဲကို ပြန်မဝင်ခိုင်းစေချင်တာမျိုးပါ” ဟု မြိတ်ခရိုင်၊ PDF အမှတ်(၁)တပ်ရင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်အာဏာရှင်တပ်ကလည်း ယနေ့ နေ့လယ်ပိုင်းကစပြီး ကုန်ကားများကို ဖြတ်သန်းခွင့်ပြုနေသည်ဟုသိရကြောင်း မြိတ်-ရန်ကုန် ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

မြိတ်-ပုလော ကားလမ်းကို ဖြတ်သန်းခွင့်ပြုခဲ့သော်လည်း ကားသမားများအနေဖြင့် လုံခြုံရေး အခြေအနေကို သေချာစောင့်ကြည့်ပြီးမှ သွားသင့်ကြောင်းကို ၎င်းက ပြောသည်။

“အခြေအနေကို စောင့်ကြည့်သင့်တယ်။ အရမ်းရမ်းမသွားစေချင်ဘူး။ လုံခြုံမှုလည်းမရှိဘူးလေ”ဟု အထက်ပါယာဉ်မောင်းက ဆိုသည်။

အဆိုပါလမ်းပိုင်းဖြတ်သန်းခွင့်ပိတ်ထားချိန်က မဖြစ်မနေသွားလာရမည့် ခရီးသည်များက ရေကြောင်းမှတစ်ဆင့် အမြန်ရေယာဉ်များဖြင့် သွားလာနေပြီး တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲဝန်းကျင် ကုန်ကျသည်။

ပလမြို့နှင့်အနီးဝန်းကျင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး စစ်အာဏာရှင်တပ်က ကြည်း၊ရေ၊လေ အင်အားအများအပြား အသုံးပြုတိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်သေဆုံးမှုများရှိသလို အရပ်သားဒါဇင်ချီသေဆုံးခဲ့သည်။