BREAKING
October 19, 2025

ဩစတြေးလျက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည်

August 11, 2025

ပုံစာ - ဩစတြေးလျဝန်ကြီးချုပ် Althony Albanese ။ ဓာတ်ပုံ - Australian Associated Press

ဩစတြေးလျအစိုးရက ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Althony Albanese က ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ယင်းကြောင့် ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုသွားမည်ဟု မကြာသေးမီက ထုတ်ဖော်ပြောဆိုထားကြသည့် နိုင်ငံများတွင် ပြင်သစ် ၊ ဗြိတိန် ၊ ကနေဒါတို့နှင့်အတူ ဩစတြေးလျလည်း ပါဝင်လာသည်။

ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် အစိုးရအဖွဲ့ဝင်များနှင့် ဩစတြေးလျ ပြည်သူတော်တော်များများက တိုက်တွန်းနေခဲ့သည်မှာ ရက်သတ္တပတ်နှင့်ချီ ရှိနေခဲ့ပြီ ဖြစ်သည်။

ဂါဇာတွင် အကြီးစားစစ်ဆင်ရေးအသစ် ဖော်ဆောင်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက မကြာသေးမီက ကြေညာခဲ့သည့်အပေါ် ဩစတြေးလျအစိုးရက ဝေဖန်ခဲ့သည်။

ယခုနှစ် စက်တင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုမည့် ဩစတြေးလျအစိုးရ၏ ဆုံးဖြတ်ချက်ကို တရားဝင်အတည်ဖြစ်စေမည်ဟု ဝန်ကြီးချုပ် Albanese က ယနေ့ အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ယင်းဆုံးဖြတ်ချက်သည် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ထံမှ ဩစတြေးလျအစိုးရ လက်ခံရရှိထားသည့် ကတိကဝတ်များအပေါ် အခြေခံကြောင်း ၎င်းက ပြောသည်။

အဆိုပါ ကတိကဝတ်များတွင် ပါလက်စတိုင်းအစိုးရအဖွဲ့အတွင်း ဟားမတ်အဖွဲ့ မပါဝင်စေရေး ၊ ဂါဇာတွင် စစ်လက်နက်ဖြုတ်သိမ်းရေး ၊ ရွေးကောက်ပွဲများ ကျင်းပရေးတို့ ပါဝင်ကြောင်း ၎င်းက ပြောသည်။

“အရှေ့အလယ်ပိုင်းမှာ အကြမ်းဖက်မှုသံသရာကို အဆုံးသတ်ဖို့အတွက် ၊ ဂါဇာက ပဋိပက္ခ ၊ ဒုက္ခနဲ့ အစုလိုက်အပြုံလိုက်အငတ်ဘေးကို အဆုံးသတ်ဖို့အတွက် လူသားထုရဲ့ အကောင်းဆုံးမျှော်လင့်စရာက နှစ်နိုင်ငံထူထောင်ရေးအဖြေ (two-state solution)ပါပဲ” ဟု Albanese က ပြောဆိုသည်။

ယင်းမတိုင်မီ တနင်္ဂနွေနေ့တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့သည့် ဩစတြေးလျနှင့် ဥရောပနိုင်ငံများကို ဝေဖန်ပြောဆိုခဲ့သည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် နိုင်ငံပေါင်း ၁၅၀ နီးပါးက ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုထားခဲ့ကြပြီး ဖြစ်သည်။

ယင်းနိုင်ငံများ၏ အများစုမှာ လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်းက ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုထားခဲ့ကြခြင်း ဖြစ်သည်။

အမေရိကန်နှင့် အင်အားကြီးအနောက်နိုင်ငံအချို့ကမူ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခြင်း မရှိသေးပေ။

ဆယ်စုနှစ်ချီ အရှေ့အလယ်ပိုင်း ပဋိပက္ခကို အဆုံးသတ်နိုင်မည့် နောက်ဆုံးအပြီးသတ် သဘောတူညီချက်ရရှိပြီးမှသာ ပါလက်စတိုင်းသည် နိုင်ငံတစ်ခု ဖြစ်လာသင့်သည်ဟု အမေရိကန်နှင့် ယင်းနိုင်ငံများက ဆိုသည်။

Source: Associated Press