ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဇူလိုင် ၅ မှ ၁၁ ရက်အထိ
အိန္ဒိယမှာ အလုပ်သမားများနဲ့ လယ်လုပ်သားတွေ ဆန္ဒပြ

အိန္ဒိယနိုင်ငံမှာ အလုပ်သမား၊ စီးပွားရေးမူဝါဒတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အလုပ်သမားသမဂ္ဂ ၁၀ ဖွဲ့နဲ့ လယ်သမားတွေက ဇူလိုင် ၉ ရက်က ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
အများပိုင်နေရာတွေကို ပုဂ္ဂလိကပိုင်ပြုလုပ်တာ၊ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်လာတာနဲ့ အလုပ်သမား အခွင့်အရေးတွေ နည်းပါးလာတာတို့ကို ရှုတ်ချတဲ့အနေနဲ့ ဆန္ဒပြသူတွေက ကြွေးကြော်ခဲ့ကြတာပါ။
ဆန္ဒပြပွဲတွေမှာ အလုပ်သမား ထောင်ပေါင်းများစွာ ပါလာလို့ ဘဏ်လုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေး၊ စာတိုက်နဲ့ အခြားအများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ ပြတ်တောက်သွားပါတယ်။
နောက်ထပ် လယ်သမားတွေလည်း သပိတ်မှောက်မှုမှာ ပါလာခဲ့ကြလို့ ဆန္ဒပြမှုတွေက ဆက်လက် မြင့်တက်လာခဲ့ပါတယ်။
ဆန္ဒပြသူတွေက လုပ်ခလစာ၊ စက်မှုလုပ်ငန်း၊ လူမှုဖူလုံရေး၊ လုပ်ငန်းခွင် ဘေးကင်းရေးနဲ့ အလုပ်သမားဥပဒေအသစ် ၄ ရပ်ကို ဖျက်သိမ်းရေး အပါအဝင် ၁၇ ချက်ကို တောင်းဆိုထားပါတယ်။
Ref: NBC News
……………………………………..
ဂွာတီမာလာမှာ ငလျင်ကြောင့် လူ ၄ ဦး သေဆုံး

ဂွါတီမာလာနိုင်ငံမှာ ဇူလိုင် ၈ ရက်က ငလျင်တွေ ဆက်တိုက်လှုပ်ခဲ့လို့ သေဆုံးသူ ၄ ဦးအထိရှိလာခဲ့ပါတယ်။
ဂွါတီမာလာမြို့တော်ကနေ ကီလိုမီတာ ၆၀ အကွာ နိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၅ ဒသမ ၇ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့တာပါ။
အဲဒီနောက်မှာ ပြင်းအား ၃ ဒသမ ၀ ကနေ ၅ ဒသမ ၇ အဆင့်ရှိတဲ့ နောက်ဆက်တွဲငလျင်တွေ အနည်းဆုံး ၁၅၀ ကြိမ်လောက် လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ငလျင်ကြောင့် လူပေါင်း ၃၀၀ လောက်ကို ကယ်ဆယ်ရေးစခန်းဆီ ရွှေ့ပြောင်းထားရပါတယ်။
ငလျင်လှုပ်တဲ့အချိန် လမ်းပေါ်မှာ သွားလာနေတုန်း တောင်ပေါ်မှပြုတ်ကျလာတဲ့ ကျောက်တုံးကြီးက မော်တော်ကားပေါ်ကို ဖိမိလို့ သေဆုံးသူတွေလည်း ရှိလာပါတယ်။
ငလျင်ဒဏ်ခံရတဲ့ မြို့ခံတွေကတော့ ငလျင်ထပ်လှုပ်မှာကို စိုးရိမ်ပြီး တညလုံး အပြင်ဘက်မှာ ယာယီတဲတွေနဲ့ နေခဲ့ကြပါတယ်။
Ref: AP
……………………………………..
Samsaung က Galaxy Z Fold 7 နဲ့ Z Flip 7 ကို စတင်မိတ်ဆက်

ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီဟာ ပိုမို ပေါ့ပါးတဲ့ Galaxy Z Fold 7 နဲ့ Z Flip 7 ဖုန်းသစ်တွေကို နယူးယောက်မှာ မိတ်ဆက်သွားခဲ့ပါတယ်။
Galaxy Z Fold 7 မှာ Qualcomm ရဲ့ Snapdragon 8 Elite သုံးထားပြီးတော့ Galaxy Z Flip 7 မှာတော့ ကိုယ်တိုင်ထုတ်တဲ့ Exynos ချစ်ပ်ပဲ သုံးထားတာပါ။
Galaxy Z Fold 7 ဟာ ရှေ့မော်ဒယ်ထက် ၁၀ ရာခိုင်နှုန်း ပိုပေါ့သလို ၂၆ ရာခိုင်နှုန်း ပိုပါးသွားပါတယ်။
Galaxy Z Fold 7 စျေးနှုန်းကတော့ ရှေ့မော်ဒယ်ထက် ၅ ရာခိုင်နှုန်း ပိုများသွားပြီး ၁,၉၉၉ ဒေါ်လာ ဖြစ်လာကာ ဇူလိုင် ၂၅ မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
အခုအသစ်ထုတ်ထားတဲ့ ဖုန်းတွေက ခေါက်ထားတဲ့အချိန် ထူထဲနေမှုကို လျှော့ချနိုင်ဖို့နဲ့ ပရီမီယံဆန်တယ်လို့ ခံစားမိဖို့ အဓိကထား ဖန်တီးထားတယ်လို့ ဆိုပါတယ်။
Ref: Japan Today
……………………………………..
Bitcoin တန်ဖိုး ဒေါ်လာ တစ်သိန်းတစ်သောင်းကျော်အထိ စံချိန်တင် မြင့်တက်လာ

ကမ္ဘာ့အကြီးဆုံး ခရစ်ပ်တိုငွေကြေးဖြစ်တဲ့ Bitcoin တန်ဖိုးဟာ အမေရိကန် ဒေါ်လာ တစ်သိန်းတစ်သောင်းကျော်အထိ စံချိန်တင် ထပ်မံမြင့်တက်ခဲ့ပါတယ်။
ဇူလိုင် ၁၁ ရက်နေ့မှာ ဒေါ်လာ ၁၁၆,၀၄၆ ကျော်အထိရောက်ရှိခဲ့ပြီး ဒီနှစ်ထဲမှာ ၂၄ ရာခိုင်နှုန်းအထိ တန်ဖိုးမြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ခရစ်ပ်တိုငွေကြေးတွေကို မဟာဗျူဟာ အရန်ငွေအဖြစ် ထားရှိဖို့ အမိန့်ကို လက်မှတ်ထိုးခဲ့ပါတယ်။
နောက်ပိုင်း ဝယ်လိုအားနဲ့ ထရမ့်အစိုးရရဲ့ မူဝါဒတွေကြောင့် တန်ဖိုးမြင့်တက်လာတာ ဖြစ်ပါတယ်။
Ref: REUTERS
……………………………………..
စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်းကိုးရီးယား သမ္မတဟောင်း ပြန်အဖမ်းခံရ

ပြီးခဲ့တဲ့နှစ်က စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆွတ်ယိုး ပြန်လည်ဖမ်းဆီးခံလိုက်ရပါတယ်။
သူ့ကို သက်သေဖျောက်ဖျက်ပစ်နိုင်ခြေ ရှိတယ်ဆိုတဲ့ အချက်နဲ့ ဆိုးလ်အလယ်ပိုင်းခရိုင် တရားရုံးက ဖမ်းဝရမ်းထုတ်ကာ ပြန်လည် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ၆ နာရီကြာ စစ်အုပ်ချုပ်ရေးကို ကြေညာခဲ့လို့ ယွန်းဟာ သမ္မတရာထူးက ဖယ်ရှားခံခဲ့ရတာပါ။
သမ္မတဟောင်း ယွန်းကို ဇန်နဝါရီလကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပေမဲ့ ၂ လအကြာမှာ ပြန်လွှတ်ပေးခဲ့ပြီး အမှုကို ဆက်လက်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
သူ့အပေါ် စွဲချက်တင်ထားတဲ့ ပြစ်မှုတွေ ထင်ရှားရင် ထောင်ဒဏ်တသက်တကျွန်းကနေ သေဒဏ်အထိ ချမှတ်ခံရနိုင်ပါတယ်။
Ref: BBC
……………………………………..
တောင်ကိုးရီးယားက မြောက်ကိုးရီးယား ၆ ဦးကို နေရပ်ပြန်ပို့

တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယား နိုင်ငံသား ၆ ဦးကို ဇူလိုင် ၉ ရက်နေ့က နေရပ် ပြန်ပို့ပေးခဲ့ပါတယ်။
သူတို့ ၆ ဦးက ဒီနှစ် မတ်နဲ့ မေလက မြောက်ကိုရီးယားသင်္ဘောတွေ ပင်လယ်မှာ သောင်တင်ပြီး တောင်ကိုရီးယားဘက်ကို မျောလာခဲ့တဲ့ သူတွေဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံသားတွေက အိမ်ပြန်မယ်လို့ သူတို့ဆန္ဒကို အကြိမ်ကြိမ် ထုတ်ပြောခဲ့ကြတယ်လို့လည်း တောင်ကိုးရီးယားဘက်က ဆိုပါတယ်။
နေရပ်ပြန်ပို့တဲ့အချိန် မြောက်ကိုရီးယား ကင်းလှည့်သင်္ဘောတစင်းက လွှဲပြောင်းရာနေရာမှာ စောင့်နေခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယား ၆ ဦးကို နေရပ်ပြန်ပို့ရေး စီစဉ်ပေးတဲ့ တောင်ကိုရီးယားရဲ့ လုပ်ဆောင်ပေးမှုကို မြောက်ကိုရီးယားက ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။
Ref: BBC
……………………………………..
ယူကရိန်းကို NATO ကတစ်ဆင့် လက်နက်ပြန်ပို့ပေးမယ်လို့ ထရမ့်ဆို

ယူကရိန်းနိုင်ငံကို ကာကွယ်ရေးဆိုင်ရာ လက်နက်တွေကို မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ် NATO အဖွဲ့ကနေ ထပ်မံပေးပို့သွားမယ်လို့ ဇူလိုင် ၇ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို လက်နက်တချို့တင်ပို့မှု ရပ်ဆိုင်းဖို့ ပြီးခဲ့တဲ့အပတ်က ပင်တဂွန်ဘက်က ပြောကြားခဲ့တာပါ။
ဒါနဲ့ ပက်သက်ပြီး ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်စစ်ရေးမှာ ပိုမိုဆက်ဖြစ်လာနိုင်လို့ ယူကရိန်းက စိုးရိမ်ကြောင်း သတိပေးထားခဲ့ပါတယ်။
နောက်တော့ ဝေဖန်မှုတွေ မြင့်တက်လာလို့ ယူကရိန်းကို နောက်ထပ် ကာကွယ်ရေးလက်နက်တွေ ပေးပို့မှာဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ပင်တဂွန် စစ်ဌာနချုပ်ကလည်း ယူကရိန်းကိုတင်ပို့မယ့် လက်နက်တွေနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။
Ref: REUTERS
……………………………………..