BREAKING
October 23, 2025

မက်ဂရီဂေါ်ရဲ့ BKFC မှာ မြန်မာ့ရိုးရာလက်ဝှေ့ကို ထည့်သွင်းကျင်းပတော့မယ်

July 11, 2025

UFC ရဲ့ နာမည်ကျော် ဖိုက်တာ ကွန်နော် မက်ဂရီဂေါ် (Conor McGregor) က ရှယ်ယာအများစုကို ပိုင်ဆိုင်ပြီး ပူးတွဲပိုင်ရှင်အဖြစ် ရပ်တည်နေတဲ့ BKFC (Bare Knuckle Fighting Championship) ပြိုင်ပွဲကနေ မြန်မာ့ရိုးရာလက်ဝှေ့ကို သူတို့ရဲ့ ပြိုင်ပွဲတွေမှာ ထည့်သွင်းကျင်းပတော့မယ်လို့ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

BKFC ဆိုတာ ဘာလဲ

BKFC ဆိုတာ လက်သီးဗလာ တိုက်ခိုက်ရေး (Bare Knuckle Boxing) ပြိုင်ပွဲတွေကို ဦးဆောင်ကျင်းပနေတဲ့ ကမ္ဘာ့ထိပ်တန်း ပရိုမိုးရှင်းတစ်ခု ဖြစ်ပါတယ်။

မက်ဂရီဂေါ်လို နာမည်ကြီး ဖိုက်တာတစ်ဦးက ရှယ်ယာအများစု ပိုင်ဆိုင်ပြီး ပူးတွဲပိုင်ရှင်အဖြစ် ပါဝင်နေတာကြောင့် ဒီပရိုမိုးရှင်းရဲ့ ဩဇာလွှမ်းမိုးမှုက ပိုပြီး ကြီးမားလာပါတယ်။

လက်သီးဗလာတိုက်ခိုက်ရေးဆိုတာကလည်း ပြင်းထန်ပြီး ကြည့်လို့ကောင်းတဲ့ အားကစားနည်းတစ်ခုဖြစ်တာမို့ ပရိသတ်အခိုင်အမာရှိနေပါပြီ။

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာကျော်ပြီလား

BKFC (Bare Knuckle Fighting Championship) ပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ကို ထည့်သွင်းနေရာပေးတော့မယ်ဆိုတဲ့သတင်းက မြန်မာ့ရိုးရာလက်ဝှေ့ ဟာ ကမ္ဘာ့အဆင့်မီ အသိအမှတ်ပြုမှုတစ်ခု ရရှိလာပြီဆိုတာကို ဖော်ပြနေပါတယ်။

မြန်မာ့လက်ဝှေ့ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်ပုံ၊ ကြံ့ခိုင်အသားပေးပုံနဲ့ ထူးခြားတဲ့ စည်းမျဉ်းတွေဟာ ကမ္ဘာ့ပရိသတ်တွေကို ဆွဲဆောင်နိုင်စေဖို့အတွက် BKFC (Bare Knuckle Fighting Championship) ဟာ တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးကူညီနိုင်ဖို့ လုံးဝကျိန်းသေနေပါတယ်။

ဂျိုရှူအာဗန်ကြောင့်လား

BKFC က မြန်မာ့ရိုးရာလက်ဝှေ့ကို ဘာကြောင့် ထည့်သွင်းကျင်းပဖို့ ဆုံးဖြတ်ခဲ့တာလဲဆိုတော့ ဂျိုရှူအာ ဗန် (Joshua Van) လို မြန်မာ့သွေးပါတဲ့ ဖိုက်တာတွေရဲ့ စွမ်းဆောင်ရည်ကြောင့်လို့ ပြောနိုင်ပါတယ်။

UFC မှာ အစွမ်းပြနေတဲ့ ဂျိုရှူအာ ဗန်ရဲ့ ထွန်းတောက်မှုက ကမ္ဘာ့တိုက်ခိုက်ရေးလောကရဲ့ အာရုံစိုက်မှုကို မြန်မာနိုင်ငံဆီ ရောက်လာစေခဲ့ပါတယ်။

ဂျိုရှူအာ ဗန် လိုမျိုး အရည်အချင်းရှိတဲ့ တိုက်ခိုက်ရေးသမားတွေ မြန်မာနိုင်ငံမှာ ရှိနေတာကို BKFC က သတိထားမိလာတာကြောင့် ကျန်တဲ့ပြိုင်ပွဲတွေထက် လက်ဦးမှုရယူလိုက်တဲ့သဘောပါပဲ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုယ်ပိုင် ရိုးရာတိုက်ခိုက်ရေး အားကစားနည်းဖြစ်တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ဆိုတာ ရှိနေတာကိုလည်း BKFC အနေနဲ့ မြင်တွေ့နားလည်ပြီး စင်တင်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။

BKFC ရဲ့ အာရှစျေးကွက်ချဲ့ထွင်မှု

BKFC ဟာ အာရှဒေသမှာ ဈေးကွက်ချဲ့ထွင်ဖို့ ကြိုးစားခဲ့တာ ကြာပါပြီ။ အရင်က ထိုင်းနိုင်ငံမှာ ရုံးခွဲဖွင့်လှစ်ပြီး BKFC Thailand လို့ ခေါင်းစဉ်ပေးကာ ပြိုင်ပွဲတွေ ကျင်းပခဲ့ဖူးပါတယ်။

နာမည်ကြီး မွေထိုင်းဖိုက်တာကြီးတွေဖြစ်တဲ့ ဆန်ချိုင်း (Saenchai) နဲ့ ဘူခေါင် (Buakaw) တို့ရဲ့ပွဲကိုလည်း BKFC Thailand အောက်ကနေပဲ ကျင်းပခဲ့တာပါ။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ BKFC Thailand ကနေ BKFC Asia လို့ နာမည်ပြောင်းပြီး ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်ခဲ့သည့်တိုင် အောင်မြင်မှုက မှေးမှိန်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်းက BKFC Thailand မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ နစ်ချ် ချပ်မန်း (Nick Chapman) က မြန်မာပြည်ကို လာရောက်ပြီး မြန်မာ့လက်ဝှေ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

သူဟာ ANS (Alpha Myanmar Sports) ပိုင်ရှင်နဲ့ MFC (Myanmar Fight Championship) ပိုင်ရှင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီတွေ့ဆုံမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် အခုလို BKFC က မြန်မာ့လက်ဝှေ့မှာ ရှယ်ယာအများစုကို ဝယ်ယူပြီး တရားဝင် ပူးပေါင်းဆောင်ရွက်တော့မယ်လို့ ကြေညာလိုက်လို့ ဒါဟာ ရေရှည်စီမံကိန်းတစ်ခုရဲ့ အစလေလားဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။

BKFC ရဲ့ ရည်ရွယ်ချက်ကတော့ ဂျိုရှူအာ ဗန်လိုမျိုးပဲ BKFC ပြိုင်ပွဲတွေမှာ မြန်မာဖိုက်တာတစ်ယောက် ထွန်းတောက်လာခဲ့မယ်ဆိုရင် မြန်မာပရိသတ်တွေရဲ့ ပြိုင်ပွဲအပေါ် စိတ်ဝင်စားမှုက အဆမတန် မြင့်တက်လာမှာ ဖြစ်သလို ဈေးကွက်အောင်မြင်မှုလည်း ကြီးမားလာနိုင်တယ်လို့ တွက်ဆထားတာပါပဲ။

ဒါဟာ ကမ္ဘာ့အားကစားစျေးကွက်ရဲ့ အခွင့်အလမ်းတွေကို မြန်မာနိုင်ငံနဲ့ မြန်မာ့ရိုးရာလက်ဝှေ့အတွက် အခွင့်အလမ်း ဖန်တီးပေးလိုက်တာလည်း ဖြစ်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မက်ဂရီဂေါ် ပိုင်ဆိုင်တဲ့ BKFC က မြန်မာ့ရိုးရာလက်ဝှေ့ကို သူတို့ရဲ့ ပြိုင်ပွဲတွေမှာ ထည့်သွင်းကျင်းပတော့မယ်ဆိုတဲ့ သတင်းဟာ မြန်မာ့အားကစားလောကအတွက် ဂုဏ်ယူစရာဖြစ်သလို ကမ္ဘာ့စင်မြင့်ပေါ်မှာ မြန်မာ့ရိုးရာလက်ဝှေ့ကို ပိုမိုမြင်တွေ့ခွင့် ရတော့မယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်တဲ့အကြောင်း အသိပေးတင်ဆက် ဖော်ပြလိုက်ရပါတယ်။