BREAKING
October 20, 2025

ရွေးကောက်ပွဲက မြန်မာ့အရေးအတွက် ဦးစားပေးမဟုတ်ဟု အာဆီယံ သဘောတူ

July 11, 2025

ပုံစာ - မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ယနေ့ တွေ့ရသည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်။ ဓာတ်ပုံ - Reuters

မြန်မာ့အရေး၌ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဟု အာဆီယံအဖွဲ့က သဘောတူကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြောဆိုလိုက်သည်။

မြန်မာစစ်ကောင်စီအနေဖြင့် ၎င်းတို့ကိုယ်တိုင် သဘောတူလက်ခံထားသည့် ငြိမ်းချမ်းရေးဆိုင်ရာ ကတိကဝတ်များကိုလိုက်နာရန် အာဆီယံအဖွဲ့က တိုက်တွန်းကြောင်းလည်း ၎င်းက ပြောသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းစစ် ပိုမိုပြင်းထန်လာနေသည့် မြန်မာနိုင်ငံတွင် စစ်ကောင်စီက ယခုနှစ် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် အားကောင်းသော နိုင်ငံရေးအတိုက်အခံများမပါဝင်ဘဲ စစ်ကောင်စီ၏ လက်ဝေခံကိုယ်စားလှယ်များဖြင့် စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်ရန် ကြိုးပမ်းမှုသာ ဖြစ်ကြောင်း ဝေဖန်သူများက အပြစ်တင်ပြောဆိုလျက်ရှိသည်။

ယခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

မြန်မာစစ်ကောင်စီအနေဖြင့် ၎င်းတို့ကိုယ်တိုင် သဘောတူထားသည့် ၂၀၂၁ ခုနှစ်က အချက် ၅ ချက်ပါ အာဆီယံဘုံသဘောတူညီချက်ကို လေးစားလိုက်နာရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများက လိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောသည်။

“အခုချိန်မှာ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘူးဆိုတာ မြန်မာစစ်ကောင်စီကို ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ဦးစားပေးရမယ့်အရာကတော့ သက်ဆိုင်သူအားလုံး အတူထိုင်ပြီး ဆွေးနွေးနိုင်အောင် အကြမ်းဖက်မှုအားလုံးရပ်တန့်ဖို့ပါပဲ” ဟု ၎င်းက ဆိုသည်။

၂၀၂၂ ခုနှစ်ကတည်းက အာဆီယံအဖွဲ့၏ အဓိကအစည်းအဝေးများတွင် မြန်မာစစ်ခေါင်းဆောင်များအား တက်ရောက်ခွင့် ပိတ်ပင်ထားသည်။ အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများကိုသာ တက်ရောက်ခွင့်ပြုထားသည်။

ယင်းမှာ မြန်မာစစ်ကောင်စီက ၎င်းတို့သဘောတူထားသည့် ငြိမ်းချမ်းရေးကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်သည်။

“တစ်စိတ်တစ်ပိုင်း ရွေးကောက်ပွဲလုပ်လို့ ဘာအဓိပ္ပါယ်မှ မရှိဘူး။ အဲလိုလုပ်လို့ ဘယ်ပြဿနာကိုမှ ပြေလည်စေမှာ မဟုတ်ဘူး။ အခြေအနေတွေကို ပိုတောင်ဆိုးသွားစေဦးမယ်” ဟု မိုဟာမက်ဟာဆန်က ဆိုသည်။

မတ်လတွင် မြန်မာနိုင်ငံ၌ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် မြန်မာစစ်ကောင်စီက ကြေညာခဲ့သည့် ယာယီအပစ်ရပ်ရေးကို သက်တမ်းတိုးရန်နှင့် ငြိမ်းချမ်းရေးအတွက် ပိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန်လည်း အာဆီယံအဖွဲ့က လိုလားကြောင်း ၎င်းက ဆိုသည်။

Source: Reuters