BREAKING
October 20, 2025

တနင်္သာရီတွင် ဇူလိုင် ပထမပတ်အတွင်း စစ်ကောင်စီတပ်သားရှစ်ဦး ဘက်ပြောင်းခိုလှုံ

July 11, 2025

တနင်္သာရီမြို့နယ်တွင် ဇူလိုင်လ ပထမပတ်ကျော်အတွင်း ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်သား ရှစ်ဦး ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဇူလိုင်လ ၁ရက်မှ ၈ရက်အထိ ဘက်ပြောင်းခိုလှုံလာသူ ရှစ်ဦးရှိပြီး လက်နက်နှင့်အတူ ခိုလှုံလာသူ လေးဦး ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

“အလင်းဝင်လာသူတွေက စစ်သားစုဆောင်းခံရသူတွေများတယ်။ တနင်္သာရီတိုင်းသားတွေ အများစုပါတယ်။ လက်နက် ပါရင်တော့ ချီးမြှင့်ငွေ သိန်း ၅၀ စီ ရကြတယ်” ဟု တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဘက်ပြောင်းလာသူအများစုသည် ပုလောမြို့နယ်၊ ပလောက်မြို့ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တိုင်းဗဟို-၁၂) ၌ သင်တန်းအပတ်စဉ်-၈တွင် သင်တန်းတက်ရောက်ခဲ့သူများဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဘက်ပြောင်းခိုလှုံလာသူများသည် စစ်ကောင်စီတပ် အမှတ် ၄၃၁၊ ၁၀၃၊ ၂၆၇ ခြေလျင်၊ ခြေမြန် တပ်ရင်းတို့က တပ်သားများ ဖြစ်ကြသည်။

စစ်ကောင်စီအမှတ် ၄၃၁ ခြေမြန်တပ်ရင်းသည် ကော့သောင်းတွင်အခြေစိုက်ပြီး ၁၀၃ ခြေလျင်တပ်ရင်းမှာ မြိတ်မြို့ အခြေစိုက်ကာ အမှတ် ၂၆၇ ခြေလျင်တပ်ရင်းသည် ထားဝယ်အခြေစိုက် (ပင်လယ်ပြင်စိုးမိုးရေးတပ်) ဖြစ်သည်။

ဇူလိုင်လ ၁ရက်တွင် မြိတ်ဒေသခံ စစ်ကောင်စီတပ်သားတစ်ဦး ဘက်ပြောင်းလာသလို ၅ရက်တွင်လည်း စစ်ကောင်စီတပ်သား ငါးဦး KNLA တပ်ရင်း ၁၁ထံ သီးခြားစီ ဘက်ပြောင်းခိုလှုံခဲ့သည်။

ဇူလိုင်လ ၈ရက်တွင်လည်း တနင်္သာမြို့အနီးရှိ ရေဖြူစစ်ဗျူဟာက စစ်ကောင်စီတပ်သား နှစ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း တနင်္သာရီတိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။

“တနင်္သာရီမြို့နားတစ်ဝိုက် ရှေ့တန်းကနေ ထွက်ပြေးလာကြတယ်။ သိန်ခွန်းရွာ ရှေ့တန်းပို့ခံရသူက ထွက်ပြေးတာများ ကြတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်နက်နှင့်အတူ ဘက်ပြောင်းလာသူတစ်ဦးလျှင် ငွေကျပ်သိန်း၅၀ ချီးမြှင့်ပြီး ဘက်ပြောင်းလာသူများကို လုံခြုံသည့်နေရာတွင် ထားရှိကြောင်း ၎င်းက ဆိုသည်။

ဘက်ကြောင်းလာသူများအနက် စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်သူမည့်သူအချို့လည်းရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။