BREAKING
October 20, 2025

ထားဝယ်အထူးစီးပွားရေးဇုန်ရှိ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

July 11, 2025

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ မူးဒူးရွာသို့ ဇူလိုင်လ ၁၀ ရက်နေ့ အာရုဏ်တက်ချိန်တွင် ရောက်ရှိလာပြီးနောက် ဒေသခံများ၏နေအိမ်များတွင် တပ်စွဲ နေထိုင်နေကြောင်း၊ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့မှ ဒရုန်းဗုံးဖြင့် လာရောက်ဗုံးချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ဒရုန်းဗုံးချတာက တစ်လုံးပဲ နှစ်ဖက်ပစ်တာခတ်တာမရှိဘူး”ဟု ဒေသခံတစ်ဦးကဆိုသည်။

ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခံရခြင်းကြောင့် အဆိုပါစစ်ကြောင်း၌ တပ်သားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Dawei Watch မှစုံစမ်းသိရှိရသည်။

ဒရုန်းဗုံးချခံရပြီးနောက် အဆိုပါစစ်ကောင်စီတပ်သည် ည ၈ နာရီဝန်းကျင်ခန့်တွင် မူးဒူးဒေသခံ အမျိုးသားလေးဦးကိုဖမ်းဆီးကာ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းရှိ ယာယီစခန်းသို့ ထွက်ခွာသွားကြကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ညက ရေနက်ဆိပ်ကမ်းနားက သေနတ်ပစ်သံတွေကြားရသေးတယ်။ သေနတ်သံတွေကြားတော့ ထွက်ပြေး ရမလိုလိုနဲ့အိပ်မပျော်ဘူး။ တစ်ညလုံး”ဟု နဘုလယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်းမှာ အင်အား ၁၀၀ကျော်ခန့်ရှိပြီး ယနေ့ ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းတွင် မူးဒူးရွာအနီးရှိ ရေနက်ဆိပ်ကမ်း ယာယီတပ်စခန်းသို့ ရောက်ရှိကာ ဖမ်းဆီးထားသည့် မူးဒူးဒေသခံ အမျိုးသား ၄ ဦးကိုလည်း ယနေ့ နံနက်တွင် ပြန်လွတ်ပေးလိုက်ကြောင်း ဒေသခံများထံမှသိရသည်။