ဘုတ်ပြင်းမြို့ ရှိ ဆေးရုံနှစ်ရုံတွင် သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ကုသနေရသူများနေပြီး သွေးရှာရ ခက်ခဲနေကြောင်း ဆေးရုံနှင့် နီးစပ်သူတချို့နှင့် သွေးကူညီရှာဖွေနေသူများထံမှ သိရသည်။
ဘုတ်ပြင်းမြို့တွင် စစ်တပ်ဆေးရုံနှင့် ပြည်သူ့ဆေးရုံတို့ရှိပြီး အဆိုပါဆေးရုံများတွင် သွေးလွန်တုပ်ကွေးလူနာ ၁၀၀ ဝန်းကျင်ရှိနေကြောင်း ဆေးရုံနှင့် နီးစပ်သူအချို့က ဆိုသည်။
အထက်ပါဆေးရုံများတွင် ဇွန်လနောက်ဆုံးအပတ်ကစပြီး သွေးလွန်တုပ်ကွေးဖြင့် ဆေးရုံတက်ကုသရသည့် လူနာများလာကြောင်း ၎င်းတို့က ဆိုသည်။
“လူနာတွေက အသက်ကြီးပိုင်းတွေ များတယ်။ သွေးလာလှူတဲ့လူတွေလည်း ရှိတော့ရှိတယ်။ ဒါပေမဲ့လိုအပ်တာက ပိုများနေတယ်။မလုံလောက်ဘူးဗျာ”ဟု သွေးလှူမည့်သူများကို ကူညီရှာဖွေပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။
ဘုတ်ပြင်းဆေးရုံတွင်လည်း သွေးလိုအပ်ချက်မြင့်နေပြီး တစ်ရက်လျှင် ပျမ်းမျှ သွေးအလှူရှင် ၅ ဦးမှ ၁၀ ဦးအထိ လိုအပ်နေကြောင်း ဘုတ်ပြင်းပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း တစ်ဦးက ဆိုသည်။
“သွေးကတော့ ဆေးရုံမှာအမြဲလိုအပ်နေတာပေါ့နော်။ ကြိုတင်ပြီး ရှာဖွေ ထားရင်ပိုကောင်းတယ်။ သွေးသွင်းပြီး မကုသရလို့ သေဆုံးတာမျိုးမရှိစေချင်ဘူး”ဟု အထက်ပါ ကျန်းမာရေးဝန်ထမ်းက ပြောသည်။
ဘုတ်ပြင်းရှိ အထက်ပါဆေးရုံနှစ်ရုံတွင် သွေးလွန်တုပ်ကွေးလူနာများ ပြည့်နေပြီး ဇွန်လဆန်းမှ ယနေ့အထိ သေဆုံးသူ ၅ ဦးထက်မနည်း ရှိနေကြောင်း ကျန်းမာရေးဝန်ထမ်းအချို့နှင့် မြို့ခံများထံမှ သိရသည်။
ထားဝယ်မြို့နှင့် မြိတ်မြို့တွင်လည်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူများပြားနေပြီး သေဆုံးသူများလည်း ဆက်တိုက်ရှိနေသည်။