မြောက်ကိုရီးယားမှ ထွက်ပြေးလွတ်မြောက်လာပြီး တောင်ကိုရီးယားတွင် လက်ရှိနေထိုင်လျက်ရှိသည့် အမျိုးသမီးတစ်ဦးက မြောက်ကိုရီးယားအာဏာရှင်ခေါင်းဆောင် ကင်ဂျုံအန်အား ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် တရားစွဲဆိုလိုက်သည်။
မြောက်ကိုရီးယားအကျဉ်းထောင်အတွင်း၌ သူမ ကြုံတွေ့ခဲ့ရသည့် ညှင်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် ယင်းသို့ စွဲချက်တင် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။
တရားစွဲဆိုသည့် အသက် ၅၃ နှစ်အရွယ်အမျိုးသမီး Choi Min-kyung က မြောက်ကိုရီးယားအစိုးရထံမှ လျော်ကြေးငွေ ဝမ်သန်း ၅၀ ရရန် တောင်းဆိုထားသည်။
ကင်ဂျုံအန်နှင့် အခြားအရာရှိ ၅ ဦးကိုလည်း လူသားထုကို ဆန့်ကျင်သည့် ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေးပေးရန် သူမက တောင်းဆိုထားသည်။
Choi Min-kyung ၏ တရားစွဲဆိုမှုသည် မြောက်ကိုရီးယားတွင် မွေးဖွားပြီး ယင်းမှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက မြောက်ကိုရီးယားအစိုးရကို ပထမဆုံးအကြိမ် တရားစွဲဆိုမှုဖြစ်ကြောင်း သူမအား အကူအညီပေးနေသည့် တောင်ကိုရီးယား အခြေစိုက် လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။
Choi Min-kyung သည် ၁၉၉၇ ခုနှစ်တွင် မြောက်ကိုရီးယားမှ တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့သော်လည်း ၂၀၀၈ ခုနှစ်တွင် တရုတ်အစိုးရက ၎င်းကိုမြောက်ကိုရီးယားသို့ အတင်းအကျပ်ပြန်လည် ပို့ဆောင်ခဲ့သည်။
ယင်းသို့ ပြန်လည်ပို့ဆောင်ခံခဲ့ရပြီးနောက်တွင် ၎င်းအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများ တွေ့ကြုံခံစားခဲ့ရကြောင်း Choi Min-kyung က ပြောသည်။
တောင်ကိုရီးယားတရားရုံးများက မြောက်ကိုရီးယားအစိုးရအား အလားတူစွဲချက်များဖြင့် ပြစ်မှုထင်ရှားကြောင်း ယခင်ကလည်း ဆုံးဖြတ်ခဲ့ဖူးသည်။
တောင်ကိုရီးယားတရားရုံးများ၏ ဆုံးဖြတ်ချက်သည် အများအားဖြင့် သင်္ကေတသဘောဆန်ကာ မြောက်ကိုရီးယားအစိုးရကလည်း ယင်းတို့ကို လျစ်လျူရှုထားစမြဲ ဖြစ်သည်။
ယခု Choi Min-kyung ၏ တရားစွဲဆိုမှုကို ကုလသမဂ္ဂနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အထိ သယ်ဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု သူမအား အကူအညီပေးနေသည့် Database Center for North Korean Human Rights (NKDB) အဖွဲ့က ဆိုသည်။
“ဒီသေးငယ်တဲ့ ခြေလှမ်းလေးက ဒီလိုမျိုး ရက်စက်တဲ့ အစိုးရလက်အောက်မှာ အပြစ်မဲ့ မြောက်ကိုရီးယားပြည်သူတွေ နောက်ထပ်ဒုက္ခမခံစားရဖို့၊ လွတ်လပ်မှုနဲ့ လူသားဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်စေဖို့ ကျွန်မ တကယ်ပဲ မျှော်လင့်ပါတယ်” ဟု Choi Min-kyung က ပြောသည်။
“မြောက်ကိုရီးယားအစိုးရရဲံ့နှိပ်စက်မှုဒဏ်ကို ခံစားဖြတ်ကျော်နိုင်ခဲ့ဖူးသူတစ်ဦးအနေနဲ့ ကင်နန်းဆက်ကို သူတို့ရဲ့ လူသားထုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှုရှိလာအောင် လုပ်ဆောင်ဖို့ အရေးတကြီး တာဝန်ရှိတယ်လို့ ကျွန်မ ခံယူပါတယ်” ဟု ၎င်းက ဆိုသည်။
သူကြုံတွေ့ခဲ့ရသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများကြောင့် စိတ်ဒဏ်ရာများ ခံစားနေရဆဲဖြစ်ပြီး ဆေးဝါးများကို မှီခိုအားထားနေရဆဲဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
Choi Min-kyung သည် ၂၀၁၂ ခုနှစ်တွင် မြောက်ကိုရီးယားမှ ထွက်ပြေးလွတ်မြောက်ခဲ့ကာ လက်ရှိအချိန်အထိ တောင်ကိုရီးယားနိုင်ငံ၌ အခြေချနေထိုင်လျက်ရှိသည်။
Source: The Guardian ၊ BBC