BREAKING
October 20, 2025

တနင်္သာရီ ရမ်းဖိုရွာတွင် စစ်‌ကောင်စီခြေလျင်စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

July 11, 2025

ပုံစာ - စစ်‌ကောင်စီခြေလျင်စစ်ကြောင်း(ပုံဟောင်း)

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းမှ ခြေလျင်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ရမ်းဖိုရွာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်နှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဇူလိုင်လ ၉ ရက် ညနေ ၄ နာရီခန့်တွင် ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၅၆ ခြေမြန်တပ်‌ရင်းမှ ထွက်လာသည့် အင်အား ၃၀ ဝန်းကျင်ပါစစ်ကြောင်းကို ရမ်းဖိုရွာအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အသက် ၃၀ အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ဘုန်းကြီးကျောင်းနား လမ်းကင်းလာယူတယ်။ မိုင်းဆွဲခံရပြီး လူနေအိမ်ထဲ ဝင်ပြေးသွားကြတယ်။ လက်နက်ကြီး တွေလည်း ၆ချက်လောက်ပစ်တယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

ရမ်းဖိုကျေးရွာသည် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်တွင်တည်ရှိပြီး တနင်္သာရီမြို့နှင့် မနီးမဝေးတွင် ရှိသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားများက စစ်ဘေးရှောင်ထွက်ပြေးနေကြသဖြင့် လူမရှိသော နေအိမ်များအတွင်း ဝင်ပြေးကြကြောင်း၊ ယင်းကြောင့် တော်လှန်ရေးတပ်များက ယင်းအိမ်များကို ဒရုန်းဖြင့်ဗုံးချပြီး ထပ်မံတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်တစ်ခုဖြစ်သည့် ဗိုလ်ခရင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိတယ်။ကျွန်တော်တို့က ဒရုန်းနဲ့တော့ နှစ်ကြိမ်ချခဲ့တယ်။အပြန်အလှန် ပစ်ခတ်တာတော့ မရှိဘူး”ဟု တနင်္သာရီပကဖ ဇုန် ၃ မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မြိတ်ပြည်သူကာကွယ်ရေးအဖွဲ့၊ ဗိုလ်ခရင်းတပ်ဖွဲ့၊ တနင်္သာရီ ပကဖ ဇုန် ၃ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေးတပ်ဖွဲ့များဘက်က အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်း ဖော်ပြထားသည်။

စစ်‌ကောင်စီတပ်သားများ၏ ထိခိုက်မှုကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

စစ်ကောင်စီတပ်သားများက ရမ်းဖိုရွာတွင် အင်အားဖြည့်၍ လမ်းကင်းယူထားသည်မှာ တစ်လကျော်ကြာလာပြီဖြစ်ပြီး အင်အား ၁၀၀ နီးပါးရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။